နောင်ချိုမြို့ကို လူနေရပ်ကွက်တွေကို နှစ်ရက်ဆက်လေကြောင်းဗုံးကြဲတာကြောင့် သေဆုံးမှုများပြား
- BVJ

- Jan 23
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၂ ၊ ၂၀၂၅

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၂ ရက်နဲ့မနေ့က ဇန်နဝါရီ ၂၁ရက်တို့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။
နောင်ချိုမြို့နယ် ရဲစခန်းအနီးဝန်းကျင်ကို ဒီနေ့ မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး နှစ်လုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနှစ်ရက်ဆက်တိုက် လူနေရပ်ကွက်တွေကိုဗုံးကြဲခဲ့တဲ့ကြောင့် ပြည်သူထိခိုက်သေဆုံးမှုများပြားတယ်လို့ မန္တလေးPDFကလည်း ဒီနေ့မှာထုတ်ပြန်ထားပြီး နောင်ချိုမြို့နယ် သံဘိုကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ချိန် နောင်ချိုမြို့ပေါ်မှာရှိတဲ့ ပါရမီလက်ဖက်ရည်ဆိုင်နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ (၈)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန ရွှေဖီးမြေက ဖော်ပြထားပါတယ်။
ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် နှစ်နာရီဝန်းကျင်ကလည်း နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနားကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးကာ စည်ပင်ရုံးလည်း ထိခိုက်ပျက်စီးခဲ့သလို နေအိမ်အချို့လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် PSLF/TNLA မီးသတ်ဌာနနဲ့ ဒေသခံပြည်သူတွေ မီးငြှိမ်းသတ်မှု လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေသလို အခုလ ဇန်နဝါရီ ၁၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီးကို ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၂ မြို့ကို TNLA က သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကို အသိအမှတ်ပြုမှုနဲ့အတူ နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့အတွက် စစ်ကောင်စီနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်းကိုလည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။















Comments