နယ်စပ် စစ်ဆေးရေးတင်းကြပ်နေချိန်မှာအထောက်အထားမဲ့ မြန်မာတွေဆက်တိုက်ဖမ်းမိနေ
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၄

ထိုင်းနိုင်ငံ ဖတ်ချဘွန်းခရိုင် အဝေးပြေးလမ်းမတစ်နေရာမှာ အထောက်အထားမဲ့ မြန်မာ (၂၆)ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြထားပါတယ်။
အထောက်အထားမဲ့ မြန်မာ (၂၆)ဦးဟာ ကားနှစ်စီးနဲ့ လိုက်ပါလာတာဖြစ်ပြီး တစ်စီးမှာ (၁၀)ဦးနဲ့ နောက်ထပ်ကားတစ်စီးပေါ်မှာ (၁၆)ဦး လိုက်ပါလာတာဖြစ်ပါတယ်. သူတို့ကိုတင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။
ယာဉ်မောင်းနှစ်ဦးရဲ့ထွက်ဆိုချက်အရ မြန်မာအလုပ်သမားတွေကို တစ်ဦး ဘတ် ၁၀၀၀ နှုန်းနဲ့ တာ့ခ်ခရိုင်ကနေ ဆာရာဘူရီကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့တဲ့ အထောက်အထားမဲ့ မြန်မာ (၂၆)ဦးနဲ့ ထိုင်းယာဉ်မောင်းနှစ်ဦးကို သက်ဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုမှု ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေကြောင့် ထိုင်းကျန်းမာရေးဝန်ကြီးဌာနဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် မနေ့က ဒီဇင်ဘာ ၂၆ ရက်ကလည်း မြဝတီမြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်လာတဲ့ မြန်မာ (၆)ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။











Comments