နပခ တိုင်းစစ်ဌာနချုပ်ကို အေအေ အပြီးသတ်သိမ်းယူ၊ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရ
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်မှာ နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
နပခကို AA တပ်တော်က အပြီးသတ်သိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီအတွက် ဒုတိယမြောက် လက်လွှတ်လိုက်ရတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူထားနိုင်ခဲ့ပါတယ်။
အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေနဲ့ အုပ်ချုပ်ရေးဌာနတွေကို AA တပ်တော်က သိမ်းယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက မြို့တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် ချေမှုန်းတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
“ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ကျွန်တော်တို့ အာရက္ခတပ်တော်က အပြီးသတ်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” လို့ AA တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ရခိုင်သတင်းဌာန နိရဉ္ဇရာကို ဖြေကြားထားပါတယ်။
နပခဌာနချုပ်ဝင်းအတွင်း တိုင်းစစ်ရုံးကနေ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ခုခံတိုက်နေတာတွေလည်း ရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အလံဖြူထောင်လက်နက်ချခဲ့တာတွေလည်း ရှိပါတယ်။ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့ ဦးခိုင်သုခက အတည်ပြုဖြေကြားထားပါတယ်။
စစ်ကောင်စီ လက်လွှတ်ရပြီဖြစ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို AA တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံချေမှုန်းတိုက်ခိုက်မှုတွေ ရှိနေသလို အလံဖြူထောင် လက်နက်ချအလင်းဝင်လာသူတွေလည်း ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။













Comments