နပခထဲ ရက်ရှည် အစာရေစာပြတ် ဒုက္ခရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေ ကယ်ထုတ်ခဲ့
- Zayar Oo
- Dec 20, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ထဲ ရက်ရှည် အစာရေစာပြတ် ၊ ထိခိုက်ဒဏ်ရာရနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချချိန် အာရက္ခတပ်တော် (AA) က ကယ်ထုတ်ခဲ့ပါတယ်။ အလံဖြူထောင်လက်နက်ချသူတွေကို AA တပ်တော်က ကယ်ထုတ်ချိန် နပခနဲ့ အနီးဝန်းကျင်နေရာတွေကို စစ််ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ တရစပ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
အလံဖြူထောင်လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတစ်ဦးက ကာလရှည်အစာရေစာ ပြတ်လပ်မှုနဲ့ပတ်သက်ပြီး “သူတို့က အခန်းထဲကို ရေတစ်လီဘူးနဲ့လာပြီး နှစ်သိမ့်တယ်။ ကျွန်တော်တို့ကတော့ မရဘူး။ အလံဖြူထောင်ပြီး အသက်စွန့်ပြီးတက်မှာပဲလို့ ပြောလိုက်တယ်” လို့ နပခအတွင်းအခြေအနေကို ပြောပါတယ်။ ကာလရှည် အစာရေစာပြတ်လပ်ပြီး ဒုက္ခရောက်နေတာကြောင့် အလံဖြူထောင်ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့ကို ရေတိုက်ဖို့သာ ပြောနေတာကိုလည်း AA ထုတ်ပြန်ထားတဲ့ ရုပ်သံဗီဒီယိုမှာ တွေ့ရပါတယ်။
“ခင်ဗျားတို့အသက်ကို လုံခြုံပြီ။ အာမခံတယ်၊ အားလုံး အိမ်ပြန်ရမယ်” လို့ အေအေတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
AA တပ်တော်က နပခကို ထိုးစစ်ဆင်သိမ်းယူနေချိန် နပခမှူးနဲ့ ဦးစီးမှူးတွေကလည်း လက်အောက်ငယ်သားတွေကို ပစ်ထားခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“လူကြီးတွေ ပစ်ထားခဲ့တာ။ သူတို့ (ချောင်းကို) ဖြတ်ကူးတယ်လေ။ ကျွန်တော်တို့မှ လမ်းမလျှောက်နိုင်တာ။ နပခမှူးနဲ့ ဦးစီးမှူးတွေပါ ပါသွားတယ်။ ပြီးရင် လေယာဉ်နဲ့ပဲ ကြဲသွားသေးတာ”လို့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းတို့က အမ်းမြို့နယ် တိုက်ပွဲပြင်းထန်နေချိန်ကတည်းက နပခဌာနချုပ်ထဲမှာ မနေတော့ဘဲ ထွက်ပြေးသွားတယ်လို့ ရခိုင်သတင်းဌာနတွေက ဖော်ပြထားပြီး တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကတော့ နပခမှာ ခုခံနေရင်း စခန်းစွန့်ခွာထွက်ပြေးနေချိန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။



















Comments