ဒေသအလိုက်တိုက်ပွဲတွေချုပ်ငြိမ်းမှသာ လွတ်လပ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စစ်ခေါင်းဆောင် ထုတ်ပြော
- BVJ

- Feb 21
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းမှသာ လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာဖြစ်တာကြောင့် တည်ငြိမ်အေးချမ်းမှုရှိဖို့ စစ်ကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။
စစ်ကောင်စီအဖွဲ့အနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပေးနိုင်ဖို့စီမံနေပြီး အဲ့ဒီရွေးကောက်ပွဲဟာ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းမှသာကျင်းပနိုင်မှာဖြစ်ကြောင်းနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတဝန်းလုံးတည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်တယ်လို့ ဒီနေ့ ဖေဖော်ဝါ၇ီ ၂၀ရက်မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားတာပါ။
လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းရေး NCAသဘောတူညီချက်အတိုင်း ဦးတည်အကောင်အထည်ဖော်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ဆက်ပြီးလည်း လွတ်လပ်စွာဆွေးနွေးပြောဆိုကြဖို့ ကမ်းလှမ်းထားကာ ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က မတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းတဲ့ဒေသတွေကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြကြောင်းကိုလည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုပါတယ်။
ဒါကြောင့် ချင်းတိုင်းရင်းသားတွေအနေနဲ့ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပန်ကြားထားလိုက်ပါသေးတယ်။







Comments