top of page

ဒေသခံပြည်သူများ လက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်အချို့ကို CDF-Zotung ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Apr 5
  • 1 min read

BVJ/ဇော်_မတ် ၂၆ ၊ ၂၀၂၅

ree

ချင်းကာကွယ်ရေးတပ်ဖွဲ့ ဇိုတုန် (CDF Zotung) ထိန်းချုပ်ဒေသအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ ဖြတ်သန်းသွားလာမယ့် တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ လက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်အချို့ကို CDF Zotung က ထုတ်ပြန်လာပါတယ်။


ချင်းပြည်နယ် ရေဇွာမြို့အပါအဝင် အနီးဝန်းကျင်ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေကို CDF Zotung ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်း စစ်ကောင်စီ ကင်းစင်သွားသလို ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး CDF Zotung က တတ်စွမ်းသမျှ ဆောင်ရွက်နေတယ်လို့လည်း မနေ့ မတ်လ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ချင်းကာကွယ်ရေးတပ် ဇိုတုန်ဒေသအတွင်းမှာ ဒေသခံပြည်သူတွေအနေနဲ့ ချင်းလူမျိုးတို့ ဓလေ့ထုံးစံအတိုင်း အမဲလိုက်ရာမှာ အသုံးပြုတဲ့ ရိုးရာတူမီးသေနတ်၊ နှစ်လုံးပြူးသေနတ်၊ ခါးချိုးသေနတ်နဲ့ လေသေနတ်တို့ကို ကိုင်ဆောင်ခွင့်ပြုထားပေမဲ့ မောင်းပြန်သေနတ်၊ ချေမှုန်းရေးရိုင်ဖယ်သေနတ်အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေကို ဒေသခံပြည်သူအနေနဲ့ ကိုင်ဆောင်ခွင့်မပြုဘူးလို့ CDF Zotung ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒေသတွင်းပြည်သူတွေကို ခွင့်ပြုထားတဲ့လက်နက်မှလွဲပြီး ကျန်လက်နက်အမျိုးအစားတွေ ကိုင်ဆောင်ခွင့်မပြုတော့တာကြောင့် လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်ပြီး CDF Zotung တပ်ဖွဲ့ထံ Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


ဒါ့အပြင် ဇိုတုန်ဒေသကို ဖြတ်သန်းသွားလာမယ့် စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း CDF Zotung ထိန်းချုပ်ဒေသတွေကို ဖြတ်သန်းသွားလာလိုပါက ကြိုတင်သတင်းပေးပို့ အကြောင်းကြားဖို့နဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ပါရှိဖို့လည်း လိုအပ်တယ်လို့ အသိပေးထားပါတယ်။


CDF Zotung တပ်ဖွဲ့ဟာ ZZLMS ညီနောင်ချင်းတပ်ဖွဲ့လို့ခေါ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ၊ ချင်းကာကွယ်ရေးတပ် မတူပီ (CDF Matupi) ၊ Zophei ၊ CDF Lautu ၊ CDF Mara ၊ CDF Senthan တို့နဲ့ မဟာမိတ်ဆက်ဆံရေး ပူးပေါင်းထားတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ရေဇွာမြို့သိမ်းတိုက်ပွဲကို မဟာမိတ်တွေတပ်တွေနဲ့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီးနောက် မြို့တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page