ဒါရိုက်တာဖေမောင်စိမ်းကို ဂုဏ်ပြုတဲ့ ရုပ်ရှင်ပြပွဲ လန်ဒန်မြို့မှာ ကျင်းပ
- BVJ

- Jan 24
- 1 min read

အာဏာသိမ်းစစ်ကောင်စီလက်ချက်နဲ့ ကျဆုံးခဲ့တဲ့ ဒါရိုက်တာဖေမောင်စိမ်း ကို ဂုဏ်ပြုတဲ့ ရုပ်ရှင်ပြပွဲကို ယူကေနိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ၂၂ရက်နေ့က ကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲမှာ ဒါရိုက်တာ သည်မော်နိုင် နှင့် ဖေမောင်စိမ်းတို့ ပူးတွဲရိုက်ကူးခဲ့တဲ့ "နာဂစ်" မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ပြပွဲကို ဖေမောင်စိမ်း အထိမ်းအမှတ် ရုပ်ရှင်ရန်ပုံငွေ အဖွဲ့၊ Stars of Myanmar Friendship အဖွဲ့တို့က ပူးပေါင်းပြီး Bertha DocHouse က နေရာ အခမဲ့ပေးပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။
စီဒီအမ် ဝန်ထမ်းတွေဖန်တီး ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေ ၊ လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေဖန်တီး ရေးသားထားတဲ့ စာမှုတွေကို စုစည်းပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ "ဗူးဝ" အမည်ရှိ စာအုပ်ကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချခဲ့ပါတယ်။
ရုပ်ရှင်ပြပွဲ ကို ဒေါကူမွန်ထရီရုပ်ရှင် နှစ်သက်ကြသူများ၊ ဖေမောင်စိမ်း ရဲ့ အနုပညာကို ချစ်မြတ်နိူးသူများ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံခြားသားများ ပါ တက်ရောက်ခဲ့ကြပါတယ်။ ရုပ်ရှင်ပြအပြီးမှာ ပရိသတ်က မေးသောမေးခွန်းများကို လူငယ်အမျိုးသမီး ဒါရိုက်တာ "ရွှန်းလဲ့" နှင့် Stars of Myanmar Friendship ကို ပူးတွဲတည်ထောင်သူ "ဗညား" တို့ ဖြေကြားပေးခဲ့ပါတယ်။
ရုပ်ရှင်ပြပွဲက ရရှိတဲ့ လက်မှတ်ရောင်းချငွေနဲ့ လှူဒါန်းတဲ့ ငွေတွေကို ဖေမောင်စိမ်း အထိမ်းအမှတ် ရုပ်ရှင်ရန်ပုံငွေ အဖွဲ့သို့ လှူဒါန်းမည်ဖြစ်ပါတယ်။ဒါရိုက်တာ ဖေမောင်စိမ်းဟာ စစ်ကြောရေးစခန်းနဲ့ ထောင်တွင်းမှာ ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကို လုံလောက်တဲ့ဆေးကုသမှု မရရှိတာကြောင့် ထောင်ကလွတ်ပြီး သုံးရက်အကြာမှာ ကွယ်လွန်ခဲ့ရပါတယ်။
ဓာတ်ပုံ : ကောင်းမြတ်ထက် နှင့် စတီဗန်
#pemaungsame #ဖေမောင်စိမ်း







Comments