ဒေါင်းနေထောင်က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်နဲ့ နိုင်ကျဉ်း ကိုအောင်ခန့်ဦးတို့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ NLDထုတ်ပြန်
- BVJ

- May 15
- 1 min read
BVJ/ယူဂရင်း_ မေ ၁၅၊ ၂၀၂၅

မကွေးတိုင်း၊ ဒေါင်းနေအကျဥ်းထောင်တိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ ကိုအောင်ခန့်ဦးနဲ့ တောင်တွင်းကြီး မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်တို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDက ဒီနေ့ မေ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။
မကွေးအကျဉ်းထောင်နဲ့ အကျဉ်းထောင်ရှေ့ရှိ ရဲတပ်ရင်း ၂၅ တို့ကို ဒေါင်းစစ်အောင် LPDF အဖွဲ့နဲ့ မဟာမိတ်အဖွဲ့ တွေက ပြီးခဲ့တဲ့လ ၁၃ ရက် သင်္ကြန်အကြိုနေ့က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှု ညနေပိုင်းမှာပဲ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ထောင်တွင်းအကျဉ်းသားတွေ တင်းမာမှုဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုပြီးတဲ့နောက်မှာ စစ်အုပ်စုက ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်မှုတွေရှိခဲ့ပြီး အဲ့ဒီထဲမှာ ကိုအောင်ခန့်ဦး(ခ)ကိုပါနဲ့ ဦးဝင်းမြင့်လှိုင်(ခ) ကိုလှိုင်တို့လည်း ပါဝင်ခဲ့ပါတယ်။
NLDရဲ့ထုတ်ပြန်ချက်ထဲမှာ ဒေါင်းနေအကျဥ်းထောင် ပြင်ပတိုက်ခိုက်မှုနဲ့ယှဥ်ပြီး ထောင်ဗူးဝ မျှော်စင်က ထောင်တွင်းကိုပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသား (၂) ဦးသေဆုံးပြီး (၅) ဦးထက် မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ရာ နိုင်ငံရေးအကျဥ်းသားကိုအောင်ခန့်ဦးနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်တို့ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေလို့ ဖော်ပြပါတယ်။
ကိုအောင်ခန့်ဦး (ခ)ကိုပါလေးဟာ ထောင်ဒဏ် ၂၀၃ နှစ်ကျခံနေရသူဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်(ခ)ကိုလှိုင်ဟာ ထောင်ဒဏ် ၁၇၃ နှစ် ချခံထားရသူတွေဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၂၇ ရက်မှာ အကျဥ်းဦးစီးအရာရှိ မင်းလွင်ဦးနဲ့အဖွဲ့က ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား အစ္စလမ်ဘာသာရေးခေါင်းဆောင် ဦးမြတ်ကို သေဆုံးခဲ့ရကြောင်းလည်း NLDက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ငလျင်ကြောင့်ဆိုပြီး ယာယီအပစ်ရပ်ထားတဲ့ တစ်လကျော်အတွင်းမှာ တိုင်းနဲ့ပြည်နယ် ၁၁ခုကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၁၈၂ ဦးရှိခဲ့တယ်လို့လည်း NLDက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အပစ်ရပ်ထားတဲ့ကာလဖြစ်တဲ့ ဧပြီ ၃ရက်ကနေ မေလ ၁၃ရက်အထိ တိုင်းနဲ့ပြည်နယ် ၁၁ခုကို လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၈၂ဦးထဲမှာ ၁၈နှစ်အောက် ၃၄ ဦးပါဝင်ပြီး ဒဏ်ရာရသူ ၂၉၈ဦးထဲမှာလည်း ၁၈နှစ်အောက် ၇၆ ဦးပါဝင်ကြောင်းနဲ့ အဲ့ဒီထဲမှာ ငလျင်ဘေးသင့်ဒေသဖြစ်တဲ့ မန္တလေးနဲ့စစ်ကိုင်းတိုင်းတို့မှာ တိုက်ခိုက်ခံရမှုအများဖြစ်တယ်လို့ NLD လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) စာရင်းအရ သိရပါတယ်။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ် ၅ ခုသို့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း (၁၅) ကြိမ်မှာလည်း ပြည်သူ ၁၄ဦးနဲ့ ဒါဏ်ရာရသူ ၄၃ဦးရှိခဲ့ရာ ၁၈ နှစ်အောက် ကလေးသူငယ် (၈) ဦး ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အပစ်ရပ်ရေးထုတ်ပြန်ချက်ကို ချိုးဖောက်ပြီး ရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity)နဲ့ စစ်ရာဇဝတ်မှုတွေ (War Crimes) ကို ဆက်တိုက်ကျူးလွန်နေတာကြောင့် လူသားချင်းစာနာမှုနဲ့ တားဆီး၊ အရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့ကို NLDက တိုက်တွန်းထားပါတယ်။







Comments