ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်မင်းသား Xingxing ပျောက်ဆုံးနေ
- Zayar Oo
- Jan 7
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၆ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်မှာ တရုတ် ရုပ်ရှင်သရုပ်ဆောင် Xingxing ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး တရုတ်လူမှုကွန်ရက် Sina Weibo မှာ ပျံ့နှံ့လာပြီးနောက် ချင်းမိုင်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ Global Times သတင်းဌာနကို အတည်ပြုပြောကြားထားပါတယ်။
တရုတ်မင်းသား Xingxing (နာမည်ရင်း Wang Xing) နဲ့ အဆက်အသွယ်မရတာ နာရီ ၆၀ ကျော် ကြာမြင့်နေပြီဖြစ်တယ်လို့ သူ့ရဲ့ချစ်သူ Jiajia က လူမှုကွန်ရက် Sina Weibo မှာ ဖော်ပြခဲ့ပြီးနောက် ဒီနေ့ တနင်္လာနေ့မနက်ပိုင်းမှာ တရုတ်လူမှုကွန်ရက် Weibo မှာ ထိပ်တန်းအကြောင်းအရာတစ်ခု ဖြစ်လာတယ်လို့ တရုတ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Jiajia တင်ထားတဲ့ပို့စ်မှာ သူ့ရဲ့ချစ်သူ Xingxing ဟာ ထိုင်းနိုင်ငံမှာ ရိုက်ကူးမယ့် ဇာတ်ကားအတွက် ရွေးချယ်ခံရပြီးနောက် ပြီးခဲ့တဲ့ သောကြာနေ့က ရှန်ဟိုင်းလေဆိပ်ကနေတဆင့် ဘန်ကောက်ကို သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးတဲ့ကားနဲ့ ရိုက်ကူးရေး ဖွင့်ပွဲအခမ်းအနားကို သွားရောက်ရမှာဖြစ်ပေမဲ့ ကားလမ်းကြောင်းဟာ နဂိုဦးတည်ရာအရပ်ကနေ ပြောင်းသွားကြောင်း GPS စနစ်က ပြသခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သောကြာနေ့ နေ့လည်ပိုင်း ထိုင်း-မြန်မာနယ်စပ်နား ရောက်ရှိချိန်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ထပ် ဘာအချက်အလက်မှ ထပ်မသိရတော့ဘူးလို့ Jiajia က Weibo မှာ ရေးသားထားပါတယ်။
Xingxing ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံး၊ ချင်းမိုင်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးတို့ကို Jiajia က ချက်ချင်းဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် ဒီနေ့ တနင်္လာနေ့မှာ ဘန်ကောက်ကို လာရောက်ပြီး သံရုံးနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ အကူအညီတောင်းဖို့ စီစဉ်နေတယ်လို့ Global Times က ဖော်ပြထားပါတယ်။
Xingxing ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး ချင်းမိုင်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကလည်း Global Times ကို အတည်ပြုထားပြီး မိသားစုဝင်များရဲ့ ဆက်သွယ်မေးမြန်းကို ရရှိထားကြောင်းနဲ့ Xingxing ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ပျောက်ဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း တရုတ်ကောင်စစ်ဝန်ရုံးကလည်း ပြောကြားထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေကြောင်း China Newsweek ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Ref: Global Times







Comments