ထိုင်း-မြန်မာနယ်စပ် မယ်လစစ်ကောင်စီတပ်စခန်းကို KNLA/KNDO ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေ
- BVJ

- May 15
- 1 min read
ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံတွင်း ဖြတ်ကျော်ဝင်ရောက်လာပြီး စစ်ဘေးရှောင်
BVJ/အိုင်းရစ် _ မေ ၁၅ ၊ ၂၀၂၅

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မယ်လ (ဝေလယ်မူး) ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်လာရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မြောက်ဘက် လှိုင်းဘွဲ့မြို့နယ် မယ်လရွာမှာရှိတဲ့ စစ်ကောင်စီ အမှတ် ၂၄ ခြေလျင်တပ်ရင်းစခန်း (မောကဝီးလေးစခနန်း) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၁၅ ရက် မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
KNU တပ်မဟာ ၇ နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA/KNDO ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ချိန် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၄၁၄ ဦး ထိုင်းနိုင်ငံတွင်း တိမ်းရှောင်ဝင်ရောက်လာတာကြောင့် ဒေသအာဏာပိုင်တွေနဲ့ နယ်ခြားစောင့်အထူးတပ်ဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဝင်ရောက်လာသူတွေကို ထိုင်းဒေသဆိုင်ရာ အာဏာပိုင်တွေက ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာရှိတဲ့ မဲအုဖလူဘုရားကျောင်းမှာ ၂၅၅ ဦးနဲ့ မယ်လဘုန်းကြီးကျောင်း ၁၅၉ ဦး ယာယီနေရာချထားပေးခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်နဲ့ ဒေသအာဏာပိုင်တွေက နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားပါတယ်။
အခု မေလအတွင်း ထိုင်း-မြန်မာနယ်စပ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNU လက်အောက်ခံတပ်တွေက ထိုးစစ်ဆင်သိမ်းယူမှုတွေ လုပ်ဆောင်နေပြီး တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးထဗျူဟာစခန်း၊ ထီးခီတပ်စခန်းတွေကိုသိမ်းယူထားခဲ့သလို မေလ ၁၃ ရက်နေ့ကလည်း လှိုင်းဘွဲ့မြို့နယ် တာလယ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းယူခဲ့ပါသေးတယ်။













Comments