ထိုင်းနဲ့မလေးက မြန်မာရွှေ့ပြောင်းလုပ်သားတွေနေရပ်ပြန်ပို့ခံနေရတဲ့အပေါ် ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်နေ
- BVJ

- Feb 27
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနဲ့ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသလို ဖြစ်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်မယ်လို့ Stars of Myanmar Friendship (SMFC) က မနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
Stars of Myanmar Friendship အဖွဲ့ဟာ အင်္ဂလန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုလည်းဖြစ်ပြီး မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို ယူကေလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ICRC အဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွင်းမှာရှိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှု ပိုမိုမြင့်တက်လာခဲ့ပြီး ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ပို့ခံနေရတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသူတွေဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခံရမှုနဲ့ လူသားဒိုင်းအဖြစ် အသုံးချခံနေရပြီး စစ်မြေပြင်မှာ သေဆုံးနေရတာတွေလည်းရှိနေတယ်လို့ SMFC က ဖော်ပြထားပါတယ်။ ဒါကြောင့် ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီထံ ပြန်ပို့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားတာမျိုး မရှိပေမဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို တားမြစ်တဲ့ ICCPR (International Covenant on Civil and Political Rights) အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တွေမှာ လက်မှတ်ရေးထိုးထားတာတွေရှိတယ်လို့လည်း SMFC အဖွဲ့က ပြောပါတယ်။
မလေးရှားနိုင်ငံဟာလည်း ICCPR စာချုပ်ကို လက်မှတ်ရေးထိုးတာမျိုးမရှိပေမဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေကို လိုက်နာဆောင်ရွက်သင့်တယ်လို့လည်း ပြောထားပါတယ်။
ထိုင်းနဲ့ မလေးရှား အာဏာပိုင်တွေက အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ပို့နေတဲ့အပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ အင်္ဂလန်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ မလေးရှားသံရုံးရှေ့တို့မှာ မတ်လ ၄ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ကန့်ကွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း SMFC က ဖော်ပြထားပါတယ်။







Comments