ထိုင်းနိုင်ငံတွင်း ပျောက်ဆုံးသွားတဲ့ တရုတ်အမျိုးသမီးနှစ်ဦးကို ပြန်တွေ့
- BVJ

- Jan 14, 2025
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၁၄ ၊ ၂၀၂၅

ထိုင်းနိုင်ငံကို အလည်အပတ်သွားပြီးပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးနဲ့ သူငယ်ချင်းဖြစ်သူတို့ကို ပြန်လည်ရှာတွေ့ခဲ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့က မနေ့ ဇန်နဝါရီ ၁၃ ရက်မှာ မီဒီယာတွေကို အသိပေးပြောခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် Ms Jiaqi နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းက ရောက်ရှိလာပြီးနောက် Lat Krabang ဒေသက ဟိုတယ်တစ်ခုမှာ မနက် ၅ နာရီက Check in ဝင်ခဲ့ပြီး လေးနာရီအကြာ မနက် ၉ နာရီမှာ check out ပြန်လုပ်သွားတယ်လို့ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေအရ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်ရှိချိန်မှာ မြန်မာနိုင်ငံဘက်ကို မသွားကြဖို့ မိခင်ဖြစ်သူက သတိပေးခဲ့ချိန် Jiaqi က “သမီး အရူးမှ မဟုတ်တာ၊ မြန်မာနိုင်ငံဘက်ကို မသွားပါဘူး” လို့ မိခင်ဖြစ်သူက ပြန်ပြောခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် ညနေ ၄ နာရီအထိ အဆက်အသွယ်ရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်း အဆက်အသွယ်မရတော့တာကြောင့် ထိုင်းရဲတပ်ဖွဲ့ဆီကို ဖခင်ဖြစ်သူက အကြောင်းကြားတိုင်ကြားခဲ့ပါတယ်။
Ms. Jiaqi ဟိုတယ်က ထွက်ခွာချိန်ကနေစပြီး CCTV မှတ်တမ်းတွေကနေတဆင့် ထိုင်းရဲတပ်ဖွဲ့က ခြေရာခံလိုက်ခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံတခုမှာ ပြန်လည်တွေ့ရှိကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုထားပေမဲ့ ဘယ်နိုင်ငံဆိုတာ အတိအကျဖော်ပြမထားပါဘူး။
ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod English ရဲ့ ဖော်ပြချက်အရတော့ ဇန်နဝါရီ ၄ ရက်နေ့က ပျောက်သွားတဲ့ တရုတ်မင်းသား ဝမ်ရှင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့နေရာမှာပဲ အဲ့ဒီတရုတ်အမျိုးသမီး နှစ်ဦးကို တွေ့ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။ တရုတ်မင်းသား ဝမ်ရှင်းကို ကရင်ပြည်နယ် မြဝတီမြို့နယ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။
လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ တရုတ်အမျိုးသမီးနှစ်ဦးကိုတော့ ဘန်ကောက်ရှိ တရုတ်အစိုးရ အာဏာပိုင်တွေကနေတဆင့် တရုတ်နိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီဖြစ်တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ရဲမှူးကြီး Thatchai Peetaneelabut ကလည်း ဘန်ကောက်ပို့စ် သတင်းဌာနကို ပြောကြားထားပါတယ်။
Ref: Khaosod, Bangkok Post







Comments