ထောင်တွင်းအကျဉ်းသားတွေကို လုံခြုံရေးကင်းနဲ့ တိုက်ပွဲမှာပူးပေါင်းပါဝင်ခိုင်းတာတွေရှိနေတယ်လို့ PPNM ပြော
- BVJ

- Mar 19
- 1 min read
BVJ/ဇော်_မတ် ၁၄ ၊ ၂၀၂၅

စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက အကျဉ်းထောင်တွေမှာရှိတဲ့ အကျဉ်းသားတွေကို စစ်ကောင်စီက လုံခြုံရေးကင်းစောင့်ခိုင်းတာ၊ တိုက်ပွဲဖြစ်ပွားပါလာက အဓမ္မစစ်မှုထမ်းစေခိုင်းတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ထောင်တွင်းအကျဉ်းသားတွေကို စစ်ကောင်စီတပ်က လုံခြုံရေးနဲ့ စစ်မှုထမ်းခိုင်းစေမှုတွေကို PPNM က ကာလရှည်စုံစမ်းမှုတွေလုပ်ဆောင်အတည်ပြုခဲ့ပြီးနောက် တိုက်ပွဲအတွင်း အကျဉ်းသားတွေကို ပုံစံအမျိုးမျိုးနဲ့ အဓမ္မခိုင်းစေခံရမှုတွေကိုလည်း စိစစ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်တို့မှာရှိတဲ့ ရာဇဝတ်အကျဉ်းသားတွေကိုလည်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး လုံခြုံရေးကင်းစောင့်ခိုင်းတာ၊ တိုက်ပွဲဖြစ်ပွားလာပါက စစ်မှုထမ်းခိုင်းစေတာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“အကျဉ်းသားတွေကို အကျဉ်းထောင်ခုခံကာကွယ်ဖို့အတွက် အသုံးပြုနေပြီး စစ်စည်း၊ ရဲစည်းဖောက်ဖျက်ပြီး အကျဉ်းကျလာတဲ့ အကျဉ်းသားတွေကိုတော့ ရှေ့တန်းစစ်မြေပြင်မှာ အသုံးချမှုတွေ၊ အကျဉ်းထောင်တွေကို လာရောက်တိုက်ခိုက်တဲ့ အချိန်တွေမှာ ဦးစားပေးအနေနဲ့ အသုံးချမှုတွေရှိနေတယ်။ တစ်ချို့တွေကျတော့လည်း ပူးပေါင်းပါဝင်မတိုက်ခိုက်ဘဲ ပေးတဲ့အပြစ်ကိုခံမယ်ဆိုပြီး နေတဲ့သူတွေလည်း ရှိပါတယ်”လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။
နှစ်ရှည်ကျခံနေတဲ့ ရာဇဝတ်အကျဉ်းသားတွေကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်းတာတွေ စစ်စည်းကမ်း၊ ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေသူတွေအနေနဲ့ စစ်ကောင်စီနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပါက ပြစ်ဒဏ်တွေကို ဖျက်သိမ်းပြီး မူလရာထူးကို ယာယီပြန်ပေးပြီး တိုက်ပွဲတွေမှာလည်း အသုံးပြုခဲ့တာတွေရှိနေတယ်လို့ PPNM က ဆိုပါတယ်။
နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေအနီး တိုက်ပွဲဖြစ်ပွားလာပါက စစ်ကောင်စီက အရေးပေါ်လိုအပ်ချက် အင်အားဖြည့်တင်းဖို့အတွက် အကျဉ်းသားတွေကို အသုံးပြုနေတာတွေရှိနေတာကြောင့် အကျဉ်းသားတွေအနေနဲ့ တော်လှန်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်တာမျိုး မလုပ်ဆောင်ကြဖို့နဲ့ ထောင်တွင်း စစ်မှုထမ်း အဓမ္မခိုင်းစေခံရမှုတွေကို သက်ဆိုင်ရာမိသားစုဝင်တွေ သိရှိဖို့လိုအပ်ကြောင်းကိုလည်း ကိုသိုက်ထွန်းဦးက ပြောထားပါသေးတယ်။







Comments