ထိုင်းကြည်းတပ်အဆင့်မြင့်အရာရှိ နေပြည်တော်လာပြီး ကျားဖြန့်အရေး ဆွေးနွေး
- BVJ

- Jan 23
- 1 min read
BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၂၊ ၂၀၂၅

နယ်စပ်မှာဖြစ်ပွားနေတဲ့ တရားမဝင်လူကုန်ကူးမှုတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)တွေ ပပျောက်ရေးတို့အတွက် ထိုင်းနိုင်ငံဘက်က ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ လာရောက်ဆွေးနွေးခဲ့ပါတယ်။
မနေ့က မွန်းလွဲပိုင်းမှာ နေပြည်တော် ဘုရင့်နောင်ရိပ်သာခန်းမမှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဌနဲ့ ထိုင်းကြည်းတပ်စစ်ဆင်ရေးဌာန၊ အိမ်နီးချင်းနိုင်ငံများနှင့်ညှိနှိုင်းရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်တို့အဖွဲ့နဲ့ စစ်ကောင်စီဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ဟာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးမှုမှာ လူကုန်ကူး၊ ကျားဖြန့်ကိစ္စတွေအပါအဝင် နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနဲ့လှေလုပ်သားတွေအပေါ် အရေးယူထားမှုနဲ့ဆက်လုပ်ရမယ့် အစီအစဉ်တွေ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်တဲ့ တရုတ်မင်းသားတစ်ဦးအပါအဝင် တရုတ်နိုင်ငံသားအချို့ဟာ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းမှာ လူကုန်ကူးခံရပြီး၊ ကျားဖြန့်ဂိုဏ်းတွေအတွက် အလုပ်လုပ်ဖို့အဓမ္မစေခိုင်းမှုတွေရှိလာခဲ့ပြီးနောက်ပိုင်းမှာ ထိုင်းဘက်က အခုလိုလာဆွေးနွေးတာဖြစ်ပါတယ်။







Comments