တော်လှန်ရေးအရှိန်အမြင့်ဆုံးလွှင့်ပြီး အောင်ပွဲယူဖို့ PSLF/TNLA ကြေညာ
- BVJ

- Jan 10
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၁၀၊ ၂၀၂၅

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ အားလုံးစုပေါင်းပြီး တော်လှန်ရေးအရှိန်အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLAက ထုတ်ပြန်ကြေညာပါတယ်။
PSLF/TNLAအနေနဲ့ အခုလ ဇန်နဝါရီ ၃ရက်ကနေ ၇ရက်အထိ ဗဟိုကော်မတီဝင်တွေ၊ အရံဗဟိုကော်မတီတွေ၊ လုပ်ငန်းဌာနမှူး၊ တပ်မှူး၊ ခရိုင်မှူးတွေနဲ့ အရာရှိအရာခံ (၁၇၃) ဦးတို့ နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ကာ စစ်အာဏာရှင်ကိုချေမှုန်းတိုက်ခိုက်နေတဲ့ တော်လှန်ရေးအခြေအနေတွေ အဖွဲ့အစည်းတနှစ်တာ လုပ်ငန်းတွေကို သုံးသပ်ဆွေးနွေးခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၁၀ရက်မှာ အခုလိုထုတ်ပြန်လာတာပါ။
လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုအသီးသီးက နိုင်ငံတဝှမ်း နယ်မြေဒေသအသီးသီးမှာ ဘုံရန်သူကိုထိုးစစ်ဆင်တော်လှန်နေကြတဲ့အတွက် စစ်ကောင်စီအနေနဲ့ သမိုင်းတွင်တဲ့ကျဆုံးမှုတွေကို ဆက်တိုက်ကြုံတွေနေရတာကြောင့် တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့် အောင်ပွဲရယူဖို့အချိန်အခါကောင်းဖြစ်တယ်လို့ ပြောလာတာပါ။
ပလောင်လွတ်မြောက်ရေးတပ်ဦးအနေနဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းထိန်းသိမ်းထားတဲ့ မြို့(၁၂)မြို့အပါအဝင် တအာင်းတပ်မတော်အခြေစိုက်တဲ့ နယ်မြေဒေသတွေမှာ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ပညာရး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ တာဝန်ခံမှုနဲ့ဦးဆောင်စီမံအုပ်ချုပ်သွားမှာဖြစ်ပြီး ဒေသခံပြည်သူတွေပါဝင်နိုင်မယ့် လူထုအစိုးရ အမြန်ဆုံးပေါက်ပေါက်ရေး ဆောင်ရွက်သွားမယ်လို့လည်း အစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် တအာာင်းတပ်မတော်ကို တပ်မဟာ(၉)ခုအဖြစ် တိုးချဲ့ပြင်ဆင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မြို့(၁၈)မြို့ပါဝင်တဲ့ ခရိုင်(၅)ခုကို ပြင်ဆင်စုဖွဲ့ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
လုံခြုံအေးချမ်းတဲ့ လူ့အဖွဲ့အစည်းကိုတည်ဆောက်သွားနိုင်ဖို့အတွက် တအောင်းပြည်အတွင်းရှိ လူမျိုးပေါင်းစုံနဲ့လည်း အတူလက်တွဲတည်ဆောက်သွားမယ်လို့ ကြေညာပါတယ်။













Comments