တော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီပေးဖို့ ကုလအစည်းအဝေးမှာ CRPH ပြော
- BVJ

- Feb 17
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO) တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ အကူအညီပေးဖို့ ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ “ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ခြင်း၊ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး NUG နဲ့ ERO ထိန်းချုပ်ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အကူအညီပေးဖို့ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုတွေ ရပ်တန့်သွားခဲ့တဲ့အခြေအနေများ၊ CRPH နဲ့ NUG တို့က လက်ရှိအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေမှုများနဲ့ NUG နဲ့ ERO တွေ ထိန်းချုပ်ထားတဲ့ စိုးမိုးနယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပံ့ပိုးကူညီပေးစေလိုမှုတွေကို ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာပါလီမန်အဖွဲ့ကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာပြီး လွှတ်တော်တာဝန်တွေကို ဆက်လက်လုပ်ဆောင်နေတဲ့ CRPH ကို တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံတကာပါလီမန်အဖွဲ့ရဲ့ ညီလာခံတွေမှာလည်း မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာနေရသူတွေရဲ့ အခက်အခဲ၊ လိုအပ်ချက်တွေကို နိုင်ငံတကာက သိရှိအောင် CRPH က ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။







Comments