တော်လှန်ရေးအတွက်အကျိုးရှိအောင် ဦးနိုင်ထူးအောင်ကို NUG ဝန်ကြီးချုပ်ရုံးအကြံပေး ခန့်အပ်
- BVJ

- Feb 27
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အတွင်းဝန်ရာထူးကနေ အခုလဆန်းပိုင်းမှာအနားယူခဲ့တဲ့ ဦးနိုင်ထူးအောင်ကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အကြံပေးအဖြစ် ခန့်အပ်လိုက်ပါတယ်။
NUG ဝန်ကြီးချုပ်ရုံးအကြံပေးအဖြစ် ခန့်အပ်ခဲ့မှုအပေါ် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ကာယကံရှင် ဦးနိုင်ထူးအောင်တို့က Burma VJ ကို အတည်ပြုပြောပါတယ်။
“MOD ကနေ အနားယူတုန်းကလည်း ပြောထားတာရှိပါတယ်။ နိုင်ငံရေးဆိုင်ရာ သုံးသပ်အကြံပြုတာ၊ တော်လှန်ရေးဆိုင်ရာကိစ္စရပ်တွေကလည်း တော်လှန်ရေးမှာလည်း အကျိုးပြုနိုင်မယ့်အလုပ်ဖြစ်တယ်။ ဒါတွေကို ပိုအာရုံစိုက်ချင်လို့ လုပ်ဖြစ်တာလည်း ပါ ပါတယ်”လို့ ဝန်ကြီးချုပ်ရုံး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်မယ့် ဦးနိုင်ထူးအောင်က Burma VJ ကို ပြောပါတယ်။
လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်အဟုန်မြင့်အဆင့်တစ်ခုကို ရောက်ရှိလာပြီဖြစ်သလို ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တင်မဟုတ်ဘဲ အုပ်ချုပ်ရေးကဏ္ဍ၊ တခြားဝန်ဆောင်မှုကဏ္ဍ စတဲ့ အဖက်ဖက်က နိုင်ငံရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေ အများအပြားရှိလာတာကြောင့် ဒီအခြေအနေအပေါ် အကြံပြု လေ့လာသုံးသပ်နိုင်ဖို့အတွက် ဦးနိုင်ထူးအောင်ကို ဝန်ကြီးချုပ်ရုံး အကြံပေးအဖြစ် ခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဦးနေဘုန်းလတ်က လည်း ပြောပါတယ်။
ဒါ့အပြင် ဦးနိုင်ထူးအောင်အနေနဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးဆိုင်ရာကိစ္စရပ်တွေမှာ လေ့လာသုံးသပ် အကြံပြုမှုတွေ ပိုမိုအာရုံစိုက်လုပ်နိုင်ပြီးကျွမ်းကျင်တဲ့ကိစ္စရပ်တွေဖြစ်တာကြောင့် ဒါဟာ တော်လှန်ရေးအတွက်လည်းအကျိုးရှိမယ့် အခြေအနေဖြစ်တာကြောင့် ဝန်ကြီးချုပ်ရုံးအကြံပေးအဖြစ် ခန့်အပ်ခဲ့တာလည်းဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NUG အစိုးရအဖွဲ့ စတင်ဖွဲ့စည်းချိန် NUG MOD အတွင်းဝန်ရာထူးကို ဦးနိုင်ထူးအောင်က တာဝန်ယူခဲ့ပြီးနောက် အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ အနားယူခဲ့တာပါ။ ဦးနိုင်ထူးအောင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေဟာ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။







Comments