တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ် မတ္တရာကို စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပြီး အထိနာဆုတ်ခွာ
- BVJ

- Jan 28
- 1 min read
BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၇၊ ၂၀၂၅

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းရှိ မြွေထိန်ပင် စောက်ကျေးရွာကို စစ်ကောင်စီအင်အား တစ်ရာခန့်နဲ့ စစ်ကြောင်းထိုးဝင်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၂၆ ရက် မနက် ၆း၃၀ အချိန်မှာ မတ္တရာမြို့ပေါ်က တပ်မ(၆၆)ပါဝင်တဲ့ ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ဟာ မြွေထိန်ပင်စောက်ရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီးဝင်လာတဲ့အတွက် မတ္တရာမြို့နယ်ပကဖနဲ့ တပ်ပေါင်းစုတွေက ခုခံပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာမြို့နယ်က ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုဘက်က (၃)ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရသလို (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မတ္တရာမြို့နယ်ပကဖက တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“မနေ့ကတည်းက ပြန်ဆုတ်သွားပါတယ်ဗျ။ သူတို့လူတွေအထိနာလို့ တိုက်ပွဲဖြစ်တဲ့ မြွေထိန်ပင်စောက်ရွာ တဝိုက်ကို ဂျက်ဖိုက်တာ၊လက်နက်ကြီးမျိုးစုံ၊Droneတွေနဲ့ အဆိပ်ငွေ့ဗုံးတွေပါ သုံးသွားပါတယ်။ ဒီဘက်မှာကလဲ အရင်ဝန်စုရွာပွဲကတည်းက အဆိပ်ငွေ့ဗုံးနဲ့ပက်သက်ပြီး backup ရှိထားလို့ ထိခိုက်တာတော့မရှိပါဘူးဗျ”လို့ Burma VJကို ပြောပါတယ်။
လက်ရှိမှာတော့ မြွေထိန်ပင်စောက်ရဲ့ အရှေ့တောင်ဘက်ရှိ ဗောဓိရွာအနောက်ဘက် အောက်ကင်းရွာထဲကို အင်အား(၇၀)ခန့်နဲ့ စစ်အုပ်စုဝင်နေပြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့လည်း မတ္တရာပကဖ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က တိုက်ပွဲမှာစစ်အုပ်စုဟာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ လေးကြိမ်ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ(၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဆီကနေ သေနတ်(၃)လက်ရရှိခဲ့တယ်လို့လည်း မတ္တရာပကဖက ထုတ်ပြန်ထားပါတယ်။











Comments