တော်လှန်ရေးကာလအတွင်း CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀၀၀ နီးပါးရှိ
- Zayar Oo
- Jan 5
- 1 min read
CDM ၅၀၀၀ ကျော်နဲ့ မိသားစုတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးထား
BVJ/ထက်အောင် _ ဇန်နဝါရီ ၅ ၊ ၂၀၂၅

စစ်အာဏာရှင် တော်လှန်ရေး ၄ နှစ်တာကာလအတွင်း စစ်ကောင်စီဘက်ကနေ CDM ဝင်ရောက်လာသူ ၁၄၇၆၀ ရှိပြီး ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ ဗိုလ်ရာထူးအဆင့်ရှိသူ ၄၇၂ ဦးပါဝင်ခဲ့ပါတယ်။ CDM ဝင်ရောက်လာသူများထဲတွင် စစ်ကောင်စီတပ်က ၃၈၇၂ ဦးနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ၁၀၈၈၈ ဦးတို့ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်နဲ့ စစ်ကောင်စီဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို CDM ဝင်ရောက်လာသူများထဲတွင် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာ ၂၁၀ ဦးရှိခဲ့ပြီး လက်နက်မျိုးစုံ ၂၂၈ လက်နဲ့ ခဲယမ်းမျိုးစုံ ၃၂၇၀၇ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကနေ CDM ဝင်ရောက်လာတဲ့ တပ်၊ ရဲတပ်ဖွဲ့ဝင်များထဲက ၅၄၄၄ ဦးနဲ့ မိသားစုဝင် ၁၉၇၇ ဦးတို့ကို NUG အစိုးရက လစဉ် ကျပ်သိန်း ၆၀၀၀ ကျော် အသုံးပြုကာ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
“CDM ဝင်လာပြီးနောက် ထောက်ပံ့ကြေး တင်ပြလာတဲ့ CDM + မိသားစုတွေကို ထောက်ပံ့ပါတယ်။ မတင်ပြလာတဲ့ လူတွေကိုတော့ ထောက်ပံ့နိုင်ဖို့ မရှိပါ” လို့ NUG MOD ဒုအတွင်းဝန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက Burma VJ ကို ပြောပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်ကနေ CDM ဝင်ရောက်လာသူတွေထဲက ၄၈၅ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့အတူ တာဝန်ထမ်းဆောင်နေပြီး NUG MOD စစ်ရုံးချုပ်နဲ့ စစ်နည်းဗျူဟာလေ့လာရေးရုံးတို့မှာ ၉ ဦး တာဝန်ထမ်းဆောင်နေတယ်လို့လည်း သိရပါတယ်။
တော်လှန်ရေး ၄ နှစ်တာကာလ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိ ၃၁၅ ဦးအပါအဝင် တပ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးမှု ၁၄၀၉၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၃၆၃ ဦးအထိ ရှိခဲ့တယ်လို့ NUG MOD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။







Comments