တောထဲစွန့်ပစ်ခံရပြီး အစာရေစာပြတ်ဒုက္ခရောက်နေတဲ့ မြန်မာ ၆၀ နီးပါး ဖမ်းဆီးခံရ
- BVJ

- Feb 13
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဖတ်ချာဘွန်းပြည်နယ် တောတွင်းတနေရာမှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့တဲ့ မြန်မာ (၅၇)ဦးကို ဒေသခံတွေရဲ့သတင်းပေးတိုင်ကြားအချက်အရ ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက Khaosod က ဖော်ပြထားပါတယ်။
လူကုန်ကူးသူတွေက ထိုင်းနိုင်ငံတွင်း ပတ္တရားမှာ အလုပ်ရမယ်လို့ပြောကာ ခေါ်လာတာဖြစ်ပြီး ဖတ်ချာဘွန်းပြည်နယ် Khao Kho ခရိုင်အတွင်း တောတွင်းမှာ စွန့်ပစ်ခဲ့တာပါ။ စွန့်ပစ်ထားခံရတဲ့ မြန်မာ (၅၇)ဦးထဲမှာ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၅)ဦးနဲ့ ၁၈နှစ်အောက် ကလေး (၃၅) ဦးတို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
တောထဲ စွန့်ပစ်ထားခဲ့ခံရတာကြောင့် အစာရေစာပြတ်လပ်နေခဲ့ပြီး မြန်မာအမျိုးသား နှစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းမှာ အနီးဝန်းကျင်ကျေးရွာတွေက နေအိမ်တွေဆီ အစားအသောက် လိုက်လံတောင်းရမ်းနေချိန် ဒေသခံအချို့က ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ ဒေသခံတွေရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် ဒေသဆိုင်ရာရဲတပ်ဖွဲ့က မြန်မာအမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့သလို တောတွင်းမှာပုန်းနေပြီး အစာရေစာပြတ်ဒုက္ခရောက်နေတဲ့ မြန်မာရွှေ့ပြောင်းတွေကိုလည်း ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေရဲ့ ဆက်လက်မေးမြန်းမှုအရ သူတို့တွေဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်ပြီး လူကုန်ကူးသူပွဲစားတွေက ပတ္တရားမှာအလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်လာချိန် Khao Kho ခရိုင်အတွင်းမှာ စွန့်ပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၁ ရက်ကလည်း နောက်ထပ် မြန်မာနိုင်ငံသား (၃)ဦးကို တောတွင်းတနေရာမှာ ထပ်မံဖမ်းဆီးရရှိခဲ့ပြီး သူတို့တွေဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက မဲဆောက်ကနေ တရားမဝင် ဝင်လာတာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ သူတို့တွေဟာလည်း တောတွင်းတနေရာမှာ စွန့်ပစ်ထားခဲ့ခံရတာဖြစ်ပြီး မဲဆောက်ကနေ တရားမဝင် ဖြတ်သန်းဝင်ရောက်လာတဲ့ လူအုပ်စု (၄၀)ဝန်းကျင်ထဲက တစိတ်တပိုင်းဖြစ်တယ်လို့လည်း ဝန်ခံထားပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံနယ်စပ်ကိုဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းအာဏာပိုင်တွေက မကြာခဏဖမ်းဆီးရမိလေ့ရှိပြီးဒေသဆိုင်ရာအာဏာပိုင်တွေကလည်း လူကုန်ကူးမှုနဲ့ပတ်သက်နေတဲ့ လမ်းကြောင်း၊ အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။
Photo: Khaosod English











Comments