တွေ့ဆုံ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို စစ်ခေါင်းဆောင် ထပ်ပြောလာ
- Zayar Oo
- Dec 23, 2024
- 1 min read
BVJ/မိုနာ_ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄

လူ့အဖွဲ့အစည်းမှာ ကြုံတွေ့လာတဲ့ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ဒီဇင်ဘာ ၂၂ ရက်မှာ ထပ်ပြောလာပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရတောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့တောင်းဆိုလို့မရနိုင်ကြောင်းနဲ့ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုလည်း အားလုံးက ဆန့်ကျင်ကြဖို့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်က စိန်မေရီကာသီဒြယ်ဘုရားကျောင်းမှာကျင်းပတဲ့ ခရစ္စမတ်နေ့အခမ်းအနားကိုတက်ရောက်ချိန်မှာ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
ကချင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နဲ့ စစ်ကိုင်း၊ မန္တလေးတိုင်းတို့က နေရာတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်လွှတ်ဆုံးရှုံးလာရတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အကြိမ်ကြိမ်ထုတ်ပြောလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီအဖွဲ့ဟာတွေ့ဆုံဆွေးနွေးရေးကို ပြောနေပေမယ့်လည်း တဖက်မှာလည်း ဆုံးရှုံးထားတဲ့နယ်မြေတွေပြန်ရရေးအတွက် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါးပစ်ခတ် ဗုံးကြဲနေသလို မြေပြင်မှာ စစ်ကြောင်းအင်အားအများအပြားသုံးပြီးတိုက်ခိုက်မှုတွေလုပ်ဆောင်နေပါသေးတယ်။







Comments