တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမဲ့ မျက်ကွယ်ပြုခံနေရတယ်လို့ စစ်ခေါင်းဆောင် ပြော
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၄

လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခ ချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် (EAO) အဖွဲ့တွေကို ဖိတ်ခေါ်ထားပေမဲ့ မျက်ကွယ်ပြုခံနေရတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျရောက်တဲ့ အာခါလူမျိုးစု နှစ် ၅၀ ပြည့် အမျိုးသားနေ့အခမ်းအနားကို စစ်ခေါင်းဆောင်က သဝဏ်လွှာပေးပို့ချိန် ထည့်သွင်းပြောခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ မျက်ကွယ်ပြုခံထားရတယ်လို့ ဆိုပါတယ်။
အာခါလူမျိုးစုဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာနေထိုင်ကြသလို ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်တန်းပေါ်မှာနေထိုင်တဲ့ လူမျိုးစုတွေလည်း ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံတွင်းကို အေဒီ ၁၁ ရာစုကတည်း ဝင်ရောက်အခြေချနေထိုင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကကွယ်ရေးတပ်မတော် (PDF) တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က ဖိတ််ခေါ်တာမျိုးတွေ လုပ်ဆောင်ခဲ့ပေမဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မှု လုပ်ဆောင်ရမယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်မှုဟာ အတုအယောင်သာဖြစ်ပြီး အမှန်တကယ် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်လိုပါက စစ်ကောင်စီအနေနဲ့ နိုင်ငံရေးကနေ စွန့်ခွာဖို့ လိုအပ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ EAOs နဲ့ အခြားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ပြောထားပါတယ်။
စစ်ကောင်စီက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ပြောဆိုတာတွေ၊ ဖိတ်ခေါ်တာတွေရှိပေမဲ့ တစ်ဖက်မှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းစေ့စပ်မှုနဲ့ လု်ပဆောင်နေတဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးမှာလည်း အောင်မြင်မရရှိဘဲ ဖြစ်နေပါတယ်။







Comments