တောင်သာမြို့ ထနောင်းကုန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘန်ကာအချို့ကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိ
- BVJ

- Feb 21
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၅

မန္တလေးတိုင်း တောင်သာမြို့နယ် ထနောင်းကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ တပ်စွဲထားတဲ့ စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ မနက်အစောပိုင်းမှာဝင်ရောက်တိုက်ခိုက် စီးနင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီအင်အား ၅၀ ဝန်းကျင်ဟာ ထနောင်းကုန်းရွာရဲ့နေရာ ၄ ခုမှာ ဘန်ကာ ၆ လုံး၊ ဆက်သွယ်ရေးမြောင်းတွေတူးပြီး အခိုင်အမာတပ်စွဲထားတာသလို ကျေးရွာပျူစောထီးအဖွဲ့ကလည်း မောင်းပြန်သေနတ်တွေ အသုံးပြုနေတယ်လို့ သိရပါတယ်။
ထနောင်းကုန်းရွာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့နေရာတွေကို PLA ပူးပေါင်းတပ်တွေက မနက် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲဝန်းကျင်အထိ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။
“ဝင်တိုက်တဲ့အချိန် ဘန်ကာက နောက်ဆုံးတစ်ခု ကျန်နေတာ၊ မသိမ်းလိုက်နိုင်ဘူး။ အဲဒီအချိန်မှာ Mi35 နဲ့ လာတာရော စကစဘက်က စစ်ကူအင်အားအများကြီးလာတဲ့အခါကျတော့ သိမ်းမိတဲ့သေနတ်တွေ ကောက်ပြီး ပြန်ဆုတ်လာခဲ့ရတယ်။ စခန်းတစ်ခုလုံး မသိမ်းလိုက်နိုင်ဘူး” လို့ PLA အထွေထွေအတွင်းရေးမှူး၊ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်နီနီကျော်က Burma VJ ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေ များပြားခဲ့ပြီး မျက်မြင်သေဆုံး အလောင်း ၂ ခုကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ ထနောင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်လည်း ပါဝင်တယ်လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။
ထနောင်းကုန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီထံက ကာဘိုင် ၂လက်၊ KIA ထုတ် KA ၁လက်၊ ပွိုင့် ၂၂ လက်လုပ် အတို ၂လက်၊ MG 1 လက်ပစ်ဗုံး ၁လုံး ၊ ကာဘိုင် ကျည်ဘောက်အပို ၄ခု၊ ကာဘိုင်ကျည် ၁၀၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈တောင့် ၊ စစ်ဦးထုပ် ၂လုံး၊ ဖုန်း ၃လုံး အင်ဗာတာအသေး ၁ လုံး ၊ ပိုက်ဆံ ၁၅၂၀၀ ကျပ်၊ သေနတ်ပစ်ပြိုင်ပွဲဝင်ဆု တံဆိပ် ၆ ခုတို့ကိုလည်း သိမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကို PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ ရဲခေါင်းပျောက်ကြားတပ်ဖွဲ့တို့က ထုတ်နှုတ်အင်အားနဲ့ နပတ ၇၀၄ တပ်ပေါင်းစုတပ်ရင်းတို့က ထုတ်နှုတ်အင်အားတွေနဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။







Comments