တောင်ကိုရီးယားလေယာဉ် ပျက်ကျမှုအတွင်း သေဆုံးသူ ၆၂ ဦးအထိ ရှိလာ
- Zayar Oo
- Dec 31, 2024
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄

တောင်ကိုရီးယားနိုင်ငံ Muan နိုင်ငံတကာလေဆိပ်မှာ ခရီးသည်လေယာဉ်တစ်စင်း ဒီနေ့ မနက်ပိုင်းမှာ ပျက်ကျခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၆၂ ဦးအထိ ရှိလာပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦး၊ လေယာဉ်ဝန်ထမ်း ၆ ဦးတို့ကို တင်ဆောင်လာပြီး Muan လေဆိပ် ဆင်းသက်ချိန် လေယာဉ်ဘီးချမရဘဲ ပြေးလမ်းပေါ်မှာကနေတဆင့် လေဆိပ်ခြံစည်းရိုးကို ဝင်တိုက်မိကာ ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။
Muan လေဆိပ်ကို လေယာဉ်ဆင်းသက်ချိန် ငှက်နဲ့တိုက်မိမှုဖြစ်ပွားပြီး လေယာဉ်ဘီး ချမရခဲ့တာဖြစ်နိုင်တယ်လို့ လေဆိပ်အာဏာပိုင်တွေရဲ့ ပြောစကားကို ကိုးကားပြီး ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။ ငှက်ဝင်တိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းဌာနက အတည်ပြုဖို့ ခက်ခဲနေပြီး ဒါဟာ ဖြစ်နိုင်ချေများစွာထဲက တစ်ခုသာဖြစ်သလို ဆက်လက်စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ထိုင်းနိုင်ငံသား ၂ ဦးလည်း လိုက်ပါသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံသားနှစ်ဦးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သေချာမသိရသေးပေမဲ့ အခုအဖြစ်အပျက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာမိသားစုကို ဝမ်းနည်းကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ပြောကြားထားပြီး လေယာဉ်ပေါ်ပါသွားတဲ့ ထိုင်းနိုင်ငံသား ၂ ဦးရဲ့အခြေအနေကို အနီးကပ်ဆက်လက်စုံစမ်း လုပ်ဆောင်သွားဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တိုက်တွန်းထားတယ်လို့ ပြောပါတယ်။







Comments