တရားသောစစ် ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော
- BVJ

- Feb 25
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ဟာ NUG၊ CRPH၊ PDFတွေနဲ့ပေါင်းပြီး ထိန်းချုပ်နယ်မြေတွေချဲ့ထွင်နိုင်ရေးအတွက်လုပ်ဆောင်နေတာကြောင့် စစ်ကိုဆက်လက်ဆင်နွှဲရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုတွေကို တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး တရားသောစစ် ဆက်လက်ဆင်နွှဲမယ်လို့ မနေ့က ဖေဖော်ဝါရီ ၂၁ရက်မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၈) သူရတပ်ခွဲသင်တန်းဆင်းပွဲမှာ ပြောခဲ့တာပါ။
ဒါ့အပြင် စည်းလုံးညီညွတ်မှုကလည်း မရှိမဖြစ်လိုအပ်တာကြောင့် တပ်မတော်သားတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကိုအခြေခံပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်သွားကြဖို့ကိုလည်း စစ်ခေါင်းဆောင်ကမှာနေပါတယ်။
ဆန့်ကျင်ဘက်လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လူမှုကွန်ရက်ကိုအသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ယုံကြည်မှုပျက်ပြားအောင်နဲ့ အထင်အမြင်လွဲမှားအောင် ထိုးနှက်တိုက်ခိုက်မှုလုပ်နေတဲ့အတွက် အဲ့ဒီပြောဆိုရေးသားမှုတွေဟာ စည်းလုံးညီညွတ်မှုကို ဆိုးရွားစွာထိခိုက်နိုင်တာကြောင့် အသိ၊ သတိနဲ့ယှဉ်ပြီးစဉ်းစားကြဖို့ကိုလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။







Comments