တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီး ကျားဖြန့်နှိမ်နင်းရေးကိစ္စ ဆွေးနွေး
- BVJ

- Feb 10
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၅

တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ ထိုင်းဝန်ကြီးချုပ်တို့ ပေထုန်တန်ရှင်နာဝပ်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်က တွေ့ဆုံခဲ့တယ်လို့ တရုတ်သတင်းဌာန Xinhua News က ဖော်ပြထားပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံမှုမှာ ကျားဖြန့်နှိမ်နင်းမှုအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုတန်ဖိုးထားကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်ရန်နဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေဖို့နဲ့ ဒေသတွင်း နိုင်ငံတွေကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအဆင်ပြေချောမွေ့လာဖို့ကိုလည်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရှီကျင်ပင်းက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပေထုန်တန်ကလည်း ပြောပါတယ်။ ဒါ့အပြင် နယ်စပ်တစ်လျှောက်မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေကိုလည်း နှိမ်နင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က တရုတ်သမ္မတ ရှီကျင်ပင်းနဲ့တွေ့ဆုံခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် Zhao Leji နဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ရှိတယ်လို့လည်း သိရပါတယ်။ နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ စီမံကိန်းတွေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးသွားဖို့ရှိနေသလို ထိုင်း - တရုတ် နှစ်နိုင်ငံ ဆက်သွယ်မယ့် အမြန်ရထားလမ်းစီမံကိန်းနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
Ref: Xinhua News, Bangkok Post







Comments