တရုတ်မှာ မြန်မာအချင်းချင်းအပေါ် ခြိမ်းခြောက်ငွေတောင်းနေသူတွေကိုအရေးယူမယ်လို့ ဗိဿနိုး PDF ပြော
- Zayar Oo
- Jan 7
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၇ ၊ ၂၀၂၅

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဟုန်မြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားအချို့ကို ခြိမ်းခြောက်ငွေတောင်းတာ၊ သတင်းပေးဖမ်းဆီးပြီး မြန်မာနိုင်ငံပြန်ပို့တာတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသား (၈)ဦးကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဓါတ်ပုံနဲ့အတူ သတိပေးထားပြီး မရပ်တန့်ပါက ပြည်တွင်းမှာရှိတဲ့မိသားစုဝင်တွေကို အရေးယူမှုလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ပြည်ပကို နည်းလမ်းအမျိုးမျိုးနဲ့ထွက်ကာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအချို့ကို ကျင်းဟုန်မြို့မှာရှိတဲ့ တရုတ်လူဝင်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး သတင်းပေးဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေတောင်းခံတာတွေ လုပ်ကိုင်နေတဲ့ မိုးသူ၊ ဘဲဥ၊ ကိုမျိုး၊ ရှမ်းလေး၊ ပလောင်၊ ဟန်ညွန့်နဲ့ အမျိုးသမီး နှစ်ဦးတို့ကို ဗိဿနိုး PDF မကွေးတိုင်းဒေသကြီး (အရှေ့ခြမ်း) အဖွဲ့က သတိပေးတားမြစ်ခဲ့တာပါ။
“တရုတ် လဝကနဲ့ ပူးပေါင်းပြီး အဲသလိုလုပ်တာတွေ အတော်များလာတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်လုံးမှာ အတော်လေး ဖြစ်ခဲ့တာ၊ အခုလည်း ရဲလိုက်ဖမ်းလို့ အလုပ်သမားတွေ ရှောင်နေရတယ် ပြောတယ်။ သူတို့က လဝကရဲတွေနဲ့ပေါင်းပြီး ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်။ ပြီးရင် တရုတ်ရဲနဲ့ သူတို့က ခွဲယူတာမျိုးတွေလည်း ရှိတယ်”လို့ ဗိဿနိုး PDF တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
မြန်မာအချင်းချင်းအပေါ် အခုလို သတင်းပေးလုပ်ဆောင်နေတာတွေကြောင့် ကျင်းဟုန်မြို့ ဒေသတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအချို့ အခက်အခဲဖြစ်ပေါ်နေပြီး အခုသတင်းပေး ခြိမ်းခြောက်တဲ့လုပ်ရပ်တွေကို တရုတ်နှစ်သစ်ကူးမတိုင်မီ ရပ်တန့်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေမယ်ဆိုပါက ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေရဲ့ နေရာကို အတိအကျသိရှိထားပြီးဖြစ်တာကြောင့် ဗိဿနိုး PDF က အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Beikthano People’s Defense Army - ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖော်ပြထားတဲ့ ကာယကံရှင်တွေကို Burma VJက ဆက်သွယ်စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။







Comments