top of page

တရုတ်နဲ့ဆက်ဆံရေးကို NUG ထုတ်ပြောလာ

  • Writer: BVJ
    BVJ
  • Jan 31
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၂၉၊ ၂၀၂၅


ree

တရုတ်နိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ ဆက်ဆံရေးမှာ ပြည်သူတွေဆန္ဒအတိုင်း ဖြစ်မနေဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်က ဒီနေ့ ဇန်နဝါရီ ၂၉ရက်မှာ ပြောလိုက်ပါတယ်။


“ကျမတို့အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့်တရုတ်အနေနဲ့ဆိုရင်တော့ ကျမတို့နွေဦးတော်လှန်ရေးကိုရော နောက်ပြီး ကျမတို့ NUG အစိုးရကိုရော ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုရဲ့ဆန္ဒအတိုင်း ဖြစ်မနေဘူး။ တကယ့် အစစ်အမှန်အခြေအနေကို ထင်ဟပ်ခြင်းမရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ မြန်မာ့အရေးကို ဘေဂျင်းက ဆုံးဖြတ်နေတယ်၊ ဆုံးဖြတ်ချက်ချနေတယ်လို့တော့ ကျမအနေနဲ့ မြင်မိပါတယ်။

ဒါကြောင့်မို့ ကျမတို့ဘက်က engagement တွေ ဆက်သွယ်ဆောင်ရွက်မှုတွေကိုတော့ တဖက်သတ်ပင်ဖြစ်နေပါစေ ကျမတို့ တိုးပြီးတော့ဆောင်ရွက်နေတာတွေရှိပါတယ်” လို့ ဒီနေ့ပြုလုပ်တဲ့”အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ” မှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။


တဖက်မှာလည်း နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NUG နဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဖို့ဆိုပြီး ဖိအား‌ပေးတဲ့ကိစ္စတွေလည်းရှိနေသလို တရုတ်အစိုးရရဲ့ ရှေ့နောက်မညီတဲ့ ချဉ်းကပ်မှုတွေကိုလည်း တွေ့မြင်ရတယ်လို့ ပြောပါတယ်။


“ကျမတို့ရုန်းကန်နေတဲ့ကိစ္စက ပြည်တွင်းရေးဖြစ်တယ်လို့ ရှေ့ပိုင်းမှာပြောပြီး အခုနောက်ပိုင်းကျတော့လည်း ပြန်ပြီးမြန်မာ့အရေးမှာ အတင်းကြီးကို ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုးတွေ တွေ့ရတော့ ကျမအမြင်က တရုတ်အစိုးရ ဘေဂျင်းကိုယ်တိုင် မြန်မာ့အရေးကိုကိုင်တွယ်တဲ့နေရာမှာ consistent မဖြစ်ဘူး။ ရှေ့နောက်မညီတဲ့ချဉ်းကပ်မှုတွေနဲ့ ပိုပြီးတော့ဆောင်ရွက်လာနေတာကို ကျမတို့ မြင်ရတယ်။ ဒါက ဘာကိုပြနေလဲဆိုရင် မြန်မာ့အရေးကို သူဘယ်လိုကိုင်တွယ်ရမှန်းမသိ၊နေပြည်တော်က စစ်ခေါင်းဆောင်တွေကိုလည်း စိတ်တိုင်းကျနေသလားဆိုတော့ မကျဘူး။ ကိုယ်တိုင်ပဲ ဝင်ပြီးတော့ အခုဆိုရင် ကျားဖြန့်ကိစ္စလိုမျိုးမှာ ထိုင်းနဲ့ပေါင်းပြီးဆောင်ရွက်ဖို့လုပ်လာတာတွေ တွေ့ရတယ်”လို့ NUG ဝန်ကြီးက ပြောပါတယ်။


အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ကူညီပေးဖို့ဆိုပြီး အခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားမှာပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page