တရုတ်ကျားဖြန့်ဂိုဏ်းတွေ ဒီလကုန်အပြီးထွက်သွားဖို့ DKBA ထုတ်ပြန်
- BVJ

- Feb 10
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး သူတို့ထိန်းချုပ်ဒေသတွေကနေ ထွက်ခွာသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က မနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်မှုကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာရှိနေတဲ့ ပြည်သူများ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ဆက်နွယ်တဲ့ လူမှုစီးပွား ထိခိုက်နစ်နာမှုတွေကို ခံစားနေရကြောင်းနဲ့ ဒေသတွင်းမှာ ကျားဖြန့်ဂိုဏ်းတွေ မရှိမှသာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်နဲ့ လောင်စာဆီ ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ကြောင်း DKBA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဘုရားသုံးဆူဒေသတွင်း ကျားဖြန့်နဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ အခြေချလုပ်ကိုင်တာမျိုး မရှိစေဖို့အတွက် လုပ်ငန်းလုပ်ကိုင်နေသူတွေအားလုံး ဒေသတွင်းက ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး ထွက်ခွာသွားဖို့ကိုလည်း DKBA အမှတ် ၂ နည်းဗျူဟာ၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပြောထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်နဲ့ ထိုင်းအစိုးရက ပူးပေါင်းကြိုးပမ်းလာချိန် BGF နဲ့ DKBA တို့ကလည်း ကျားဖြန့်နှိမ်နင်းရေးကို နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အခု ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်မှာ ထုတ်ပြန်ထားပြီး လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံ သံရုံးနဲ့ နိုင်ငံတကာသံရုံးတွေက တောင်းခံလာပါက ရှာဖွေပြီး ပြန်လည်ပေးအပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူတွေကိုလည်း ဒေသတွင်းက ၂၀၂၃ အောက်တိုဘာ နောက်ဆုံးထားပြီး ထွက်ခွာသွားဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းလဲထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ဗိုလ်မှူးကြီး စောချစ်သူက ၂၀၂၃ မေလမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုနှစ် တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ကျားဖြန့်နှိမ်နင်းရေး မစတင်မီအချိန်အထိ မြဝတီမြို့နယ်အတွင်းမှာ ကျားဖြန့်ဂိုဏ်းနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။







Comments