တပ်မိသားစုဝင်တွေဟာ စစ်တပ်ရဲ့ အရန်အင်အားဖြစ်ကြောင်း စစ်ခေါင်းဆောင် ပြော
- Zayar Oo
- Jan 5
- 1 min read
သေဆုံးသူတွေကို ရာထူးတိုး ဘွဲ့တွေပေးအပ်နေ
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၅ ၊ ၂၀၂၅

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သား (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေရဲ့ မိသားစုဝင်တွေဟာ စစ်တပ်ရဲ့ အရန်အင်အားဖြစ်ပြီး စစ်ပညာ သင်ကြားတတ်မြောက်ဖို့ထားဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုလာပါတယ်။
မနေ့က ဇန်နဝါရီ ၄ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေကို ပေးအပ်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောခဲ့တာဖြစ်ပြီး တာဝန်ထမ်းဆောင်ရင် သေဆုံးခဲ့ရသူတွေကို လွတ်လပ်ရေးနေ့ရောက်တိုင်း ဂုဏ်ပြုချီးမြှင့်ပေးနေတယ်လို့ ဆိုပါတယ်။
နိုင်ငံကာကွယ်ရေးအတွက် ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပါရမီဖြည့်ဖက် ရဲမေတွေနဲ့ မိသားစုဝင်တွေဟာ နိုင်ငံကာကွယ်ရေးအတွက် အရေးကြီးတဲ့ အရန်တပ်ဖွဲ့ဝင်တွေဖြစ်သလို သင်ကြားတတ်မြောက်ထားတဲ့ စစ်ပညာတွေနဲ့ နိုင်ငံနဲ့ လူမျိုးအတွက် တိုက်ပွဲဝင်ခဲ့ကြတာကိုလည်း တွေ့မြင်ရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မောင်တောမြို့မှာ စစ်ရေးရှုံးနိမ့်ပြီး ထွက်ပြေးချိန် မိုင်းနင်းမိပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း ဗိုလ်ချုပ်အဆင့် တိုးမြှင့်ပေးပြီး သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ပေးအပ်ချီးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ငွေသား သိန်း ၈၀၀၊ ရွှေထည်တွေနဲ့အတူ ထွက်ပြေးချိန် မိုင်းနင်းမိပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးဟာ မောင်တောမြို့နယ်အခြေစိုက် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ချိန် သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကိုလည်း စစ်ကောင်စီက ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခဲ့သလို တိုင်းမှူးတွေအပါအဝင် ဗိုလ်ချုပ် ၁၇ ဦးကိုလည်း ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။







Comments