တစ်ပတ်အတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း သေဆုံး
- BVJ

- Feb 10
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၅

မွန်ပြည်နယ် ဘီလင်းမြို့နယ် မဲပလီဗျူဟာစခန်းအပါအဝင် စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ တောင်ပိုင်းစစ်ဒေသနယ်မြေထဲမှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ပြီး အရာရှိနဲ့ တပ်သား ၂၇ ဦးကိုလည်း စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရရှိခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဒေသကာကွယ်ရေးတပ်တွေက ဇန်နဝါရီလဆန်းပိုင်းကတည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခု ဖေဖော်ဝါရီ ပထမတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ KNLA ၊ PDF တို့အပါအဝင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ Force for Federal Democracy (FFD) တို့နဲ့ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ ခန့် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ခန့် ရှိခဲ့တယ်လို့လည်း တောင်ပိုင်းစစ်ဒေသက ဖော်ပြထားပါတယ်။
မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဉ်၊ Y12 လေယာဉ်၊ ဒရုန်းတို့နဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၃၀ ထက်မနည်း လုပ်ဆောင်ခဲ့ပြီး ကျိုက်ထိုအခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်၊ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းတို့က အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်နဲ့ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဖော်ပြထားပါတယ်။ ဒါ့အပြင် မဲပလီဗျူဟာစခန်းကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ စစ်သုံ့ပန်း ၂၇ ဦးကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေသလို စခန်းစွန့်ခွာထွက်ပြေးနေသူတွေကိုလည်း လိုက်လံချေမှုန်းနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ - KNU , တောင်ပိုင်းစစ်ဒေသ ။















Comments