ညောင်လေးပင်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီဂိတ်စခန်း ၃ ခု KNLA သိမ်းယူ
- BVJ

- Feb 16
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၅

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီဂိတ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက စစ်ကောင်စီ တပ်ပေါင်းစုအဖွဲ့တွေ ဝင်ရောက် တပ်စွဲထားတဲ့ ကျောက်ကြီးမြို့နယ် နရွဲပင်ရွာ ဂိတ်စခန်း၊ ကျွန်းကုန်းရွာ တောရကျောင်းမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းနဲ့ ညောင်လေးပင်မြို့နယ် တောဝိရွာနဲ့ ထိန်တပင်ရွာကြားမှာရှိတဲ့ ဂိတ်စခန်းတွေကို KNLA တပ်ရင်း ၉ ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မနေ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၂ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ချိန် စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့သလို ၆၀ မမ ကွန်မန်ဒိုစိန် ပြောင်းတစ်ခုအပါအဝင် လက်နက်ငယ် ၅ လက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း ကျောက်ကြီးမြို့နယ်အတွင်းမှာ နှစ်ပေါင်း ၅၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကိုလည်း KNLA တပ်မဟာ ၃ တပ်ဖွဲ့ များနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။ ယင်းတပ်စခန်းဟာ ကျောက်ကြီး - မူသယ်ကားလမ်းမပေါ်မှာရှိပြီး စစ်ကောင်စီ ထောက်ပို့အတွက် အရေးပါတဲ့တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။







Comments