ညောင်ရွှေမြို့နယ် ဘုရားတောင်ရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်
- BVJ

- Jan 21, 2025
- 1 min read
ကလေးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရ
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၁ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စု ဘုရားတောင် (လွယ်နွဲ့) ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုရားတောင်ရွာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ပင်လောင်းမြို့နယ် လယ်ဖွီးရွာကနေ လက်နက်ကြီးနဲ့ ရေပူကျေးရွာနဲ့ ဘုရားတောင်ရွာဘက်ကို ၇ ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ဆံ ၃ လုံး စစ်ဘေးရှောင်တွေရှိရာနေရာကို ကျရောက်ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကို အခုလ ဇန်နဝါရီ ၁၇ ရက်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး မနေ့ညပိုင်းအထိ အနီးဝန်းကျင်ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“သူတို့ လက်နက်ကြီးကျည်ပစ်တာ ၇ လုံးပစ်တာမှာ ၃ လုံးက တောင်ဘက်ကုန်း စစ်ဘေးရှောင်တွေရှိတဲ့နေရာကျတာ။ အဲ့ဒီတောင်ကုန်းတစ်လျှောက် စစ်ဘေးရှောင်တွေ တဲထိုးနေကြတာ။ လူဦးရေ ၂၈၀၀ လောက်ရှိတယ်။ ၃ ထပ်စာသင်ကျောင်းဆောင်လည်း ပျက်စီးသွားတယ်။ အစောပိုင်းက တချို့တွေ ရေပူရွာမှာ သူတို့ နေကြသေးတယ်။ အဲ့က လူကြီးတွေက လက်မခံတာနဲ့ ဘုရားတောင်ဘက်ကို ထပ်ရောက်လာကြတာ”လို့ ဘုရားတောင်ရွာ ဒေသခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNA တပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦး လက်နက်ကြီးကျည် လည်ပင်းထိမှန် ဒဏ်ရာရ သေဆုံးခဲ့ပြီး အခြားစစ်ဘေးရှောင် နှစ်ဦးလည်း သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
“ကလေးက လည်ပင်းအစပ်နားက ထုတ်ချင်းပေါက်သွားတာ၊ ဒဏ်ရာရတဲ့သူတွေများတော့ စံကားဆေးရုံနဲ့ အောင်ပန်းဆေးရုံတွေကို ပို့ထားရတယ်။ မနေ့ည (ဇန်နဝါရီ ၂၀) ကလည်း သူတို့လေယာဉ်ဝဲနေလို့ ဗုံးကြဲမှာ ကြောက်နေရတယ်” လို့ စံကားကျေးရွာမှာ နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။ စံကားကျေးရွာနဲ့ ဘုရားတောင်ကျေးရွာက ကားလမ်းခရီး ၁၅ မိနစ်ခန့်သာ ကွာဝေးပါတယ်။
ဖယ်ခုံအင်း အရှေ့ဘက်ခြမ်း ဘုရားတောင်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမဲ့ စစ်ကောင်စီက အနီးဝန်းကျင် ကျေးရွာတွေကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်သလို ဖယ်ခုံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း ဖယ်ခုံအင်း အရှေ့ဘက်ခြမ်း ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ညောင်ရွှေမြို့နယ်နဲ့ ကရင်နီအစပ်မှာရှိတဲ့ နမ့်ဗွန်ရွာ၊ ရေပူရွာနဲ့ ညောင်လေးပင်ရွာတွေဘက် စစ်ကောင်စီတပ်၊ PNA တပ်ဖွဲ့နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ညောင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၇၆ ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့သလို အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုလည်းရှိခဲ့တယ်လို့ အင်းလေဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

























Comments