စရဖဗိုလ်မှူး ပစ်ခတ်ခံရမှုအတွင်း ပြောက်ကျားတပ်ဖွဲ့ဝင်မိဘများကိုပါ စစ်ကောင်စီဖမ်းဆီး
- Zayar Oo
- Jan 7
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၆၊ ၂၀၂၅

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးဇေယျာမင်းကို ပစ်ခတ်ခဲ့တဲ့ Together Urban Force ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ခြောက်ဦးကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းမှာရှိတဲ့ Apollo ဟိုတယ်မှာပြုလုပ်တဲ့ ညီဖြစ်သူ မင်္ဂလာဆောင်ကိုလာရောက်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပစ္စတိုနဲ့ သုံးချက်ပစ်ခတ်ခဲ့တာကြောင့် ကျူးလွန်သူတွေကို ဖမ်းဆီးတာလို့ ဆိုပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်အရ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၊ မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို၊ နိုင်ဝင်းလတ်၊ ခင်ယုဆွေ၊ သန်းအောင်၊ ချိုမာလွင်တို့ ခြောက်ဦးကို ဒီဇင်ဘာ ၂၉ရက်နေ့မှာပဲ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လုပ်ကြံဖို့စေခိုင်းသူဟာ မဲဆောက်မြို့မှာ တိမ်းရှောင်နေတာကြောင့် သူနဲ့ဖမ်းဆီးဖို့ ၁၀ယောက်ကျော်ကျန်နေသေးတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရသူ (၆)ဦးထဲက ဒေါ်ခင်ယုဆွေဟာ ဖမ်းဆီးဖို့ကျန်နေသူတွေထဲက စွမ်းထက်(ခ) အေရွန်ရဲ့မိခင်ဖြစ်ပြီး စွမ်းထက်(ခ)အေရွန်နဲ့ ဇွန်ပွင့်ဖြူတို့နှစ်ဦးကိုဖမ်းဖို့ကြိုးစားချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒေါ်ခင်ယုဆွေကို နေအိမ်မှာ လက်နက်တွေနဲ့အတူဖမ်းမိတယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။
ဒါ့အပြင် ဦးသန်းအောင်နဲ့ ဒေါ်ချိုမာလွင်တို့ဟာလည်း နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုရဲ့ မိဘတွေဖြစ်ပြီး သူတို့ကိုလည်း အင်းစိန်မြို့နယ်၊အနောက်ကြို့ကုန့်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီးကျောင်းဝန်းအတွင်းက ကားဆေးဘော်ဒီရုံမှာ ယမ်းကြိုး၊ ယမ်းမှုန့်စတာတွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်ကောင်စီကဆိုပါတယ်။
ပြောက်ကျားတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ရန်ကုန်UGအဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးက “သားတွေနဲ့အတူ မိဘတွေကပါဖမ်းသွားတာ။ မဆိုင်တဲ့သူတွေကိုပါ လက်နက်နဲ့မိတယ်ဆိုပြီးဖမ်းတာ”လို့ ရန်ကုန်ပြောက်ကျားတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်ပါးစေ စရဖ ဗိုလ်မှူးဖြစ်သူ ဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force ပြောက်ကျားတပ်ဖွဲ့ဝင်တွေက မရမ်းကုန်းမြို့နယ်အတွင်းမှာ ပစ်ခတ်ရှင်းလင်းလိုက်ကြောင်းကို Together Urban Force အဖွဲ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ကကြေညာခဲ့ပါတယ်။
Together Urban Forceဟာ ၂၀၂၃ ခုနှစ်မှာ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်ခေါင်းဆောင်ကာ အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ဖောက်ခွဲမှုခြောက်ကြိမ်၊ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုနှစ်ကြိမ်လုပ်ထားတာကြောင့် ဖမ်းဆီးမိသူတွေကို ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။







Comments