စမ်းချောင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်သူတွေကို နာရီပိုင်းအတွင်းဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/မိုနာ_ ဒီဇင်ဘာ ၂၇၊ ၂၀၂၄

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို သေနတ်နဲ့ပစ်ခတ်သူတွေကို အဲ့ဒီနေ့ညပိုင်းမှာပဲ ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။
ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာရှိနေတဲ့ ဦးစန်းငွေကို ဒီဇင်ဘာ ၂၄ရက် မနက် ဆယ်နာရီကျော်က သေနတ်နဲ့ပတ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး အဲ့ဒီပစ်ခတ်ခဲ့တဲ့အဖွဲ့ Free Land Attack Force(FLA) အဖွဲ့ဝင် (၃)ဦးကို ည ကိုးနာရီကျော်မှာ ဖမ်းမိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်အရ FLAအဖွဲ့ဝင် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်(၂၉)နှစ်နဲ့ မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ် (၂၃)နှစ်တို့ကို အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းက သူတို့နေအိမ်မှာပဲ ဦးစန်းငွေကို ပစ်ခတ်ခဲ့တဲ့ CZ 2075 RAMI P အမျိုးအစား အနက်ရောင်ပစ္စတိုသေနတ် တစ်လက်၊ ကျည် (၅)တောင့်နဲ့ အသုံးပြုခဲ့တဲ့ကားတို့ကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သူတို့နှစ်ဦးထွက်ဆိုချက်အရ နောက်ထပ်တစ်ဦးဖြစ်တဲ့ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်း ကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်း၊ “စိုင်းသူအောင်”အဆောင်နေ ကျော်ဇင်ဦး(ခ)ကျောင်းဆရာ (၃၁)နှစ်ကိုလည်း အဲ့ဒီနေ့ ည ဆယ်နာရီခွဲအချိန်မှာ Glock အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည် (၁၄)တောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့နဲ့အတူ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။
သူတို့တွေကို အဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာနေထိုင်တဲ့ နေမျိုးနွယ်(စိစစ်ဆဲ)က ခိုင်းစေတာဖြစ်ပြီး အရင်ကလည်း နိုဝင်ဘာ ၂၃ရက်နေ့က တာမွေမြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခတ်ခြင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းကလည်း တာမွေမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့ခြင်း၊ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မေလကလည်း အင်းစိန်ပန်းခြံ၊ လျှပ်စစ်ရုံးရှေ့ခြံစည်းရိုးဘေးမှာ ချိန်ကိုက်မိုင်း (၃)လုံး၊ ဇွန်လအတွင်း တာမွေမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးမှာ ချိန်ကိုက်မိုင်း (၁)လုံး၊ ဩဂုတ်လအတွင်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်းမီးပွိုင့် အနီးရှိ CCTV ပုံးမှာ ရီမုမိုင်း (၁)လုံးတို့ကို မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
ဦးစန်းငွေကို ပစ်ခတ်ခဲ့ကြောင်းကို FLAအဖွဲ့က ဒီဇင်ဘာ ၂၅ရက်က ထုတ်ပြန်ခဲ့ပေမယ့် အခု စစ်ကောင်စီဖမ်းဆီးမိသူတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။







Comments