စဉ့်ကူမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
- BVJ

- Jan 31
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

မန္တလေးတိုင်း စဉ့်ကူမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံအဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြို့နယ်ပြည်သူ့ဆေးရုံကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စဉ့်ကူမြို့နယ် အနီးဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ဆေးရုံတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စဉ့်ကူမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ချိန် ဆေးရုံအတွင်း မိခင်နဲ့ ကလေးဆေးရုံ အဆောက်အအုံ ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကနဦးသတင်းများအရ ပြည်သူ ထိခိုက်မှုမရှိဘူးလို့ သိရသလို MDY PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခုလ ဇန်နဝါရီ ၂၅ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် CDM ဆရာမ ၂ ဦး၊ လူနာ ၁ ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ဆေးရုံတွေ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ် အထူးဂရုပြုဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။



















Comments