စစ်အုပ်စုရွေးကောက်ပွဲကို ငြင်းပယ်ကြောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များ ကြေညာ
- BVJ

- Feb 10
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၇၊ ၂၀၂၅

တရားဥပဒေနဲ့မညီတဲ့ မြန်မာစစ်အုပ်စုဖြစ်တဲ့ စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲ အမည်ခံအစီအစဥ်တွေကို ပြတ်ပြတ်သားသားပင် ငြင်းပယ်တယ်လို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်း သုံးခုက မနေ့က ဖေဖော်ဝါရီ ၆ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဥ်းပေးမှာ မဟုတ်ဘူးလို့ယုံကြည်ကြောင်းကို ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးနိုင်ငံတကာအဖွဲ့အစည်း(International IDEA)၊ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက်(ANFREL)နဲ့ ကလပ်ဒီမက်ဒရစ်အသင်း(Club de Madrid)တို့က ပူးတွဲကြေညာလိုက်တာပါ။
နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း တရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲအတွက် စစ်ကောင်စီကို နည်းပညာ၊ အထောက်အကူပစ္စည်း သို့မဟုတ် နိုင်ငံရေးအရပံ့ပိုးမှု မပေးဖို့၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ကာကွယ်ဖို့၊ စစ်အုပ်စုကို အရေးယူပိတ်ဆို့ဖို့နဲ့ အနာဂတ်ကာလမှာ စစ်မှန်တဲ့ရွေးကောက်ပွဲတွေဖြစ်လာစေဖို့အတွက် ကြားကာလ မြန်မာ့ဒီမိုကရေစီညွန့်ပေါင်းအဖွဲ့တွေနဲ့အတူဆောင်ရွက်ဖို့ စတဲ့အချက်တွေကိုလည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုတိုက်တွန်းထားပါသေးတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ သဘောထားကွဲလွဲမှုတွေ ပိုမိုဖြစ်လာစေခြင်း၊ အင်အားသုံးတုံ့ပြန်မှုမြင့်တက်လာစေခြင်း၊ အာဏာရှင်အုပ်ချုပ်မှုကို ခိုင်မာစေခြင်းနဲ့ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပွားခဲ့ရတဲ့ ပဋိပက္ခကို ပိုမိုဆိုးရွားလာစေခြင်းတို့ကိုသာ ဖြစ်စေလိမ့်မယ်လို့ ပူးတွဲကြေညာတဲ့အဖွဲ့သုံးဖွဲ့က သတိပေးထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်ကောင်စီအဖွဲ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ ဒီနေ့ကျရောက်တဲ့ ၇၈နှစ်မြောက် ရှမ်းပြည်နယ်နေ့ကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောထားပါသေးတယ်။







Comments