စစ်အာဏာရှင်ကို စစ်ရေးအရ ဖိအားပေးအနိုင်ယူရမယ်လို့ KNU ဥက္ကဌ ပြော
- Zayar Oo
- Dec 31, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄

ဗမာစစ်တပ် (စစ်ကောင်စီ) ရဲ့ ကြီးစိုးမှုနဲ့ အာဏာသိမ်းအုပ်ချုပ်မှုတွေကို တိုက်ဖျက်အမြစ်ပြတ်ချေမှုန်းသွားဖို့ တစ်ခုတည်းသော နည်းလမ်းဟာ စစ်ရေးအရ ဖိအားပေးအနိုင်ယူခြင်းပဲဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃၀ ရက် (ပြာသိုလဆန်း ၁ ရက်) မှာ ကျရောက်တဲ့ ၂၇၆၄ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ပြောကြားခဲ့တာဖြစ်ပြီး စစ်ကောင်စီဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာမှာကို လိုလားတာမျိုးမရှိဘူးဆိုတာ ဗမာ့စစ်တပ် (စစ်ကောင်စီ) ရဲ့ အာဏာသိမ်းမှုလုပ်ရပ်က ဖော်ပြနေတယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားထားပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ့်မှုတွေ ရင်ဆိုင််နေရပြီး နယ်မြေအများအပြားကို လက်လွှတ်နေရတဲ့ စစ်ကောင်စီတပ်အတွင်း ထိခိုက်သေဆုံးမှုတွေများပြားနေသလို တော်လှန်ရေးအင်အားစုတွေဆီ လက်နက်ချ အလင်းဝင်လာသူတွေ များပြားလာတာကြောင့် စစ်တပ်အင်အားချည့်နဲ့မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။ စစ်ရေးရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မြို့ပြကျေးရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KNU ဥက္ကဌက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ် ဖြစ်ပေါ်လာဖို့နဲ့ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ဖို့အတွက် “ကော်သူးလေအုပ်ချုပ်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး” လက်စွဲကို အတည်ပြုသတ်မှတ်ကိုင်စွဲပြီး “ကော်သူးလေအစိုးရ” တစ်ရပ်အဖြစ် တည်ဆောက်ရပ်တည် လုပ်ဆောင်သွားမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေတွေမှာ စစ်အင်အားချည့်နဲ့ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တောက်လျှောက်ဖိတ်ခေါ်နေတာတွေလည်း ရှိနေပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက် ကရင်နှစ်သစ်ကူးနေ့မှာလည်း ကရင်ပြည်နယ်ဒေသတွင်း တိုက်ပွဲတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်လာစေဖို့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာ ပေးပို့ထားပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတံခါးဖွင့်ထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်သိမ်းယူမှုတွေကြောင့် စစ်ကောင်စီ တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တပ်ရင်းဌာနချုပ်၊ တပ်စခန်း အများအပြားကို လက်လွှတ်ဆုံးရှုံးထားရပြီး မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။







Comments