စစ်ရေးအားကောင်းနေတဲ့ ချင်းပြည်နယ်အတွက် NUG က တော်လှန်ရေးရန်ပုံငွေမျှပေး
- BVJ

- Jan 21
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၂၁၊ ၂၀၂၅

ချင်းပြည်နယ်အတွင်းက စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ချင်းလဲန်းကောင်စီ (Chinland Council)နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG က တော်လှန်ရေးရန်ပုံငွေခွဲဝေပေးမယ်လို့ သိရပါတယ်။
ဒီခွဲဝေမှုဟာ ပြည်သူ့ထံက ကူညီမှုရရှိထားတဲ့ငွေကြေးတွေကို NUG က မဟာမိတ်တိုင်းရင်းသားအင်အားစုတွေနဲ့ မျှဝေသုံးစွဲတာဖြစ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
“ကျနော်တို့အားလုံးစည်းလုံးညီညွတ်ပြီးတော့ ကျနော်တို့ရဲ့ဘုံရန်သူကိုအမြစ်ဖြုတ်နိုင်ရေးမှာ အတူတကွပူးပေါင်းဆောင်ရွက်တာမှာ အထောက်အကူတခုဖြစ်စေမယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ဦးကျော်ဇောက Burma VJ ကိုပြောပါတယ်။
ခွဲဝေပေးမယ့် တော်လှန်ရန်ပုံငွေဟာ ဒေါ်လာတစ်သိန်းစီဖြစ်တယ်လို့ ချင်းညီနောက်အဖွဲ့ဝင် PDF Zoland တာဝန်ရှိသူက Chin World သတင်းဌာနကို ဖြေဆိုထားတာကို တွေ့ရပါတယ်။
ဒါဟာ ပထမဆုံးအကြိမ်ခွဲဝေပေးတာဖြစ်ပြီး အဲ့ဒီမျှဝေခြင်းအခမ်းအနားကို အခုလ ၁၈ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့ကာ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အခြေချစခန်းတွေကို ICNCC အဖွဲ့ဝင် တပ်ဖွဲ့တွေနဲ့ ချင်းလဲန်းကောင်စီအဖွဲ့ဝင် တပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။
ICNCC မှာ ချင်းလက်နက်ကိုင်(၆)ဖွဲ့ဖြစ်တဲ့ ချင်းကာကွယ်ရေး - မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် - ကန်ပက်လက် ( CDF – Kanpalet ) ၊ချင်းကာကွယ်ရေးတပ် - မတူပီ (တပ်မဟာ - ၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့တွေပါဝင်ပြီး ချင်းလဲန်းကောင်စီမှာတော့ ချင်းအမျိုးသားတပ်ဦး (CNF/A) ၊ CDF – Matupi တပ်မဟာ (၂)၊ CDF – Lautu ၊ CDF – Tongzang၊ CDF – Hakha ၊ CDF – Thantlang၊ CDF – KKG၊ CDF – Zophei ၊ CDF – CDM SIYIN၊ PDA – Tedim ၊ CDF – Mara၊CDF-Zotung, CDF – Zanniatram နဲ့ Mindat Council ,CDF-KKG ,CDF-Paletwah စတဲ့ တပ်ဖွဲ့တွေပါဝင်ပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်ထဲက မြို့နယ်လေးခုမှာသာ စစ်ကောင်စီတပ်က စခန်းချထားနိုင်ပြီး ကျန်တဲ့နေရာတွေကို ချင်းအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။







Comments