စစ်ရေးရှုံးနိမ့်မှုကို စစ်ကောင်စီလက်ခံဖို့ အေအေထိန်းချုပ်မှုအောက်က နပခတိုင်းမှူးထုတ်ပြောလာ
- Zayar Oo
- Dec 28, 2024
- 1 min read
ခေါင်းဆောင်မှုမပီသသူတွေကြောင့် အသက်အသေမခံကြဖို့လည်း ပြော
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၄

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းယူချိန် အာရက္ခတပ်တော် (AA) ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတဲ့ နပခတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရေးရှုံးနိမ့်မှုကို လက်ခံပြီး ပြည်သူကို ဗုံးမကြဲဖို့၊ အကြမ်းမဖက်ဖို့ကိုလည်း ပြောခဲ့ပါတယ်။
“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ၊ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ၊ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ” လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နပခတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းရဲ့ ဝန်ခံထွက်ဆိုမှုကို AA သတင်းပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ပထဝီအနေအထားအရ AA တပ်တော်အနေနဲ့ စစ်ရေးအာသာမှုတွေရှိနေတာကြောင့် အာရက္ခတပ်တော်နဲ့ ဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ကြဖို့နဲ့ တိုက်ပွဲတွေမှာ အလံဖြူထောင် လက်နက်ချဖို့ကိုလည်း တိုက်တွန်းပြောထားပါတယ်။ ခေါင်းဆောင်မှုမပီသသူတွေရဲ့အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်တာမျိုး မလုပ်ကြဖို့ကိုလည်း ပြောထားပြီး လက်နက်ချအလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးရမိသူတွေကို AA တပ်တော်က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောပါတယ်။
AA တပ်တော် ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်ထဲမှာ ဖမ်းဆီးရမိထားတဲ့ ရာနဲ့ချီတဲ့ စစ်သုံ့ပန်းအများအပြားကို တွေ့ရပြီး ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုကအစ လုပ်ဆောင်ပေးနေတာတွေကိုလည်း ဖော်ပြထားပါတယ်။ နပခတိုင်းစစ်ဌာနချုပ်ကို AA တပ်တော်က ထိုးစစ်ဆင်သိမ်းယူချိန် စစ်ကောင်စီဘက်က ရိက္ခာ၊ ဆေးဝါး၊ ခဲယမ်းနဲ့ ရေပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လက်နက်ချချိန် တပ်တွင်း သောက်သုံးရေပြတ်လပ်နေမှုအခြေအနေတွေကိုလည်း ပြောထားပါသေးတယ်။
နပခတိုင်းစစ်ဌာနချုပ်ကို AA တပ်တော်က ထိုးစစ်ဆင်သိမ်းယူချိန် စစ်ကောင်စီဘက်က စစ်ကူစစ်ကြောင်းတွေကို AA တပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်ချေမှုန်းနိုင်ခဲ့သလို AA တပ်တော်ရဲ့ တိုက်ခိုက်မှုပုံစံနဲ့ တိုက်စွမ်းရည်ကြောင့် စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ အချိန်မီမရရှိခဲ့ဘူးလို့ နပခတိုင်းမှူးက ဝန်ခံထွက်ဆိုပါတယ်။ အမ်းမြို့နယ် နပခတိုင်းစစ်ဌာနချုပ်ကို AA တပ်တော်က အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် အခုလ ဒီဇင်ဘာ ၂၀ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာပါ။















Comments