စစ်ရှုံးနေတာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီ နှစ်ဆပြုလုပ်လာလို့ NUG ပြော
- Zayar Oo
- Jan 5
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၃၊ ၂၀၂၅

စစ်ရှုံးနေတဲ့စစ်ကောင်စီက အရင်နှစ်ကထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၂၄ ခုနှစ်မှာ နှစ်ဆတိုးပြုလုပ်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းစာရှင်းပွဲပြုလုပ်ပြီး ပြောလိုက်ပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့အချက်အလက်မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ (၄၃၇၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ (၇၃၉၄) ကြိမ် ဖြစ်ပွားခဲ့တာကြောင့် နှစ်ဆနီးပါးမြင့်တက်လာတာလို့ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
“၂၀၂၃ နဲ့ ယှဉ်ကြည့်ရင် နှစ်ဆနီးပါးလောက်မြင့်တက်သွားတယ်။ ၂၀၂၄ မှာ စစ်ကောင်စီက မြေပြင်မှာ ဆုံးရှုံးမှုတွေရှိလာလေ ပိုပိုပြီး ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များများလုပ်လာလေ ဖြစ်ပါတယ်”
၂၀၂၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တ့ (၇၃၉၄) ကြိမ်ထဲမှာ တရားလက်လွတ်သတ်ဖြတ်မှုက ၁၇၈၇၊ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးမှုက ၁၃၅၅၊ အခြားကျူးလွန်မှုက ၁၂၄၅၊ အတင်းအဓမ္မခိုင်းစေခြင်းက ၇၆၈၊ မတရားဖမ်းဆီးခြင်းက ၆၈၈၊ အတင်းအဓမ္မ နေရပ်ကရွှေ့ပြောင်းခြင်းက ၃၆၂၊ တရားလက်လွတ်ချုပ်နှောင်ခြင်း ၂၈၀ နဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ကန့်သတ်ခြင်းက ၂၃၃ ကြိမ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ၃၄ ကြိမ်နဲ့ ကလေးစစ်သား ၂၈ တို့ ပါဝင်ပါတယ်။
တရားလက်လွတ်သတ်ဖြတ်မှုဆိုတာ တရားဥပဒေက ဆုံးဖြတ်ထားတဲ့အတိုင်းမဟုတ်ဘဲနဲ့ လူတစ်ဦးချင်းရဲ့ အသက်ကိုထိခိုက်သေဆုံးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းပွဲမှာပြောပါတယ်။
“စစ်တပ်က ရွာထဲကိုဝင်လာပြီး ရွာသားတွေကိုသတ်ဖြတ်တာလည်း တရားလက်လွတ်သတ်ဖြတ်တာပဲ ဖြစ်ပါတယ်။ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာတချို့ ပြောကြလေ့ရှိသလို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တယ်ဆိုတဲ့ဟာမျိုး။ အဲ့ဒါကို ကျနော် လက်မခံပါဘူး။ အကြမ်းဖက်စစ်တပ်က ဒီနေရာမှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေမရှိဘူး အရပ်သားတွေနေထိုင်တဲ့နေရာဆိုတာသိသိကြီးနဲ့ ဒီအရပ်သားတွေ သေကြေပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့သတ်ဖြတ်တာ ပစ်ခတ်တာ အဲ့ဒါကပိုပြီး ရာဇဝတ်မှုမြောက်ပါတယ်”လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်ပြင်ပဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ကျူးလွန်တဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာမျိုးစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအရေအတွက် (၃၂)ကြိမ်ထိလည်း ရှိတယ်လို့ NUG ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်အရသိရပါတယ်။
NUGရဲ့စာရင်းအရ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၄ခုစလုံးမှာ ကျူးလွန်ခဲ့ပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အရေအတွက်အများဆုံး ဖြစ်ပွားခဲ့ပါတယ်။







Comments