စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေ တောင်းဆို
- BVJ

- Jan 25
- 1 min read
စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၅ ၊ ၂၀၂၅

စစ်ကောင်စီ စစ်မှုထမ်း အဓမ္မစုဆောင်းမှု အပတ်စဉ် ၉ အထိ ရောက်လာချိန် စစ်မှုထမ်းတပ်သားအရေအတွက်ကို တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေက တောင်းဆိုကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ စစ်ကောင်စီ ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေ ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ နှစ်ရက်တာ တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရေးနဲ့ PDF တွေ လက်နက်ချ ပြန်လည်ဝင်ရောက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ရက်တာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးတို့အပါအဝင် နိုင်ငံရေးအစုအဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် အခု အပတ်စဉ် ၉ အထိ အဓမ္မဖမ်းဆီးကာ တပ်သားသစ် စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပျှမ်းမျှအရေအတွက် ၄၀၀၀၀ ဝန်းကျင်ခန့် ရှိနေပြီလည်း ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားသစ် စုဆောင်းမှုမှာ အကျုံးဝင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် စာရင်းကောက်ယူသွားမှာဖြစ်ပြီး ပြည်ပထွက်ခွာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM များလည်း စစ်မှုထမ်းရမှာဖြစ်သလို အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ နှစ်ခုစလုံးမှာ နာမည်စာရင်းရှိနေမှာဖြစ်ပြီး ခံစားခွင့်လစာကို တစ်ခုမှာသာ ရရှိမှာဖြစ်တယ်လို့ စစ်မှုထမ်းနည်းဥပဒေ အခန်း ၈ မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအရာရှိအဆင့် တာဝန်ယူထားသူတွေအနေနဲ့ အရပ်ဘက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပါက စစ်ဘက်၊ အရပ်ဘက် နှစ်ခုစလုံးကို လစာခံစားခွင့်ရရှိထားပါတယ်။













Comments