top of page

စစ်မှုထမ်းအပတ်စဉ် ၅ က စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

  • Writer: BVJ
    BVJ
  • Jan 13
  • 1 min read

BVJ/ထက်အောင် _ ဇန်နဝါရီ ၁၂ ၊ ၂၀၂၅


ree

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် ၅၅၉ ခြေမြန်တပ်ရင်း (ခမရ)က စစ်ကောင်စီတပ်သား ၂ ဦး တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းထံ လက်နက်ခဲယမ်းနဲ့အတူ မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။


အလင်းဝင်ရောက်လာသူ ၂ ဦးဟာ စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် ၅ ခေါ်ဆောင်ခံရသူတွေဖြစ်ပြီး ပုလောမြို့နယ် ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) မှာ စစ်သင်တန်း တက်ရောက်ခဲ့ရပြီး ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီ ခမရ ၅၅၉ မှာ တာဝန်ထမ်းဆောင်နေရတာလည်း ဖြစ်ပါတယ်။


"ကျနော်တို့က သင်တန်းကာလကတည်းက ထွက်ပြေးဖို့ ကြိုးစားနေတာပါ။ အမြဲ ဒီကထွက်သွားဖို့ပဲ စဉ်းစားထားတဲ့အတွက် အခု ကင်းချိန်မှာ အလစ်ရတာနဲ့တစ်ပြိုင်တည်း ချိတ်ဆက်ပြီး ထွက်လာတာပါ"လို့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ပြောစကားကို ဒေါနတပ်ရင်းကလည်း ဖော်ပြထားပါတယ်။




ဒေါနတပ်ရင်းထံ ဆက်သွယ်အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ၎င်းတို့နဲ့အတူ MA1 ၁ လက်၊ MA 3 ၁ လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး တလုံး တို့ကိုလည်း ယူဆောင်လာခဲ့တာကြောင့် ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။


“အခုအလင်းဝင်လာသူ ၂ ဦးကို သူတို့ ဖြစ်ချင်တဲ့ဆန္ဒ ကျွန်တော်တို့ မေးကြည့်ပြီးပါပြီ။ သူတို့က ပူးပေါင်းပြီး တိုက်ချင်တယ်လို့လည်း ပြောပါတယ်။ တကယ်လို့ သူတို့ တခြားနေရာသွားချင်တယ်ဆိုလည်း စီစဉ်ပေးမှာပါ။ ဘာလုပ်မှာလို့ အတင်းအကြပ်လုပ်တာမျိုး မရှိပါဘူး”လို့ ဒေါနတပ်ရင်း တာဝန်ရှိသူ ကိုရန်နိုင်ကလည်း Burma VJ ကို ပြောပါတယ်။


အခုလ ဇန်နဝါရီ ၁၀ ရက်လည်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ လှဂွန်းပျိုစစ်ကောင်စီစခန်းက စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေထံ အလင်းဝင်ရောက်လာပါသေးတယ်။


စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းမှုကြောင့် စစ်မှုထမ်းနေရသူတွေအနေနဲ့လည်း ဒေါနတပ်ရင်းအပါအဝင် ဒေသ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ပြီး လာရောက်ပူးပေါင်းနိုင်ပြီး ပြည်သူဘက်တော်သားအဖြစ် ရပ်တည်နိုင်တယ်လို့လည်း ဒေါနတပ်ရင်းနဲ့ တောင်ပိုင်းစစ်ဒေသတို့က ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page