စစ်မှုထမ်း အဓမ္မစုဆောင်းခံရသူတစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်
- BVJ

- Feb 21
- 2 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅

စစ်ကောင်စီတပ်ရဲ့ အဓမ္မလူသစ်စုဆောင်းခြင်းခံလိုက်ရပြီး စစ်မှုထမ်းအပါတ်စဉ်-၆မှာ ပါဝင်ခဲ့ရသူ ကိုကျော်မိုးထက်ဟာ စစ်ကောင်စီရဲ့ ခမရ ၅၅၈ကနေ လက်နက်တွေယူဆောင်ပြီး အခု ဖေဖော်ဝါရီ ၁၉ရက်မှာ ထွက်ပြေးလွတ်မြောက်လာပါတယ်။
ကိုကျော်မိုးထက်နဲ့အတူ တပ်ကြပ်ကြီးကျော်စွာဝင်းအပါအဝင် ခမရ ၅၅၈က တပ်သား(၇)ယောက်ဟာ လမ်းကင်းချိန်မှာ လက်နက်တွေယူဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းမှာ အလင်းဝင်လာတာပါ။
သူတို့ (၇)ယောက်လုံးဟာ အဓမ္မ တပ်သားစုဆောင်းခံရသူတွေဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ်(၁၂ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉)အခြေခံ လေ့ကျင့်ရေးကျောင်းနဲ့ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင်(ပုသိမ်) သင်တန်းကျောင်းတွေက သင်တန်းအပတ်စဉ် (၅)နဲ့ (၆) သင်တန်းဆင်းတပ်သားတွေ ဖြစ်ကြပါတယ်။
ထွက်ပြေးလာကြချိန်မှာ MA1, MA3, MA4စတဲ့ သေနတ်တွေနဲ့ ကျည်ဆံ၊ လက်ပစ်ဗုံး၊ နင်းမိုင်းတွေကို အသီးသီးယူဆောင်လာကြပါတယ်။

သူအတင်းအဓမ္မဖမ်းဆီးခံခဲ့ရပုံနဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့အခြေအနေတွေကို ကိုကျော်မိုးထက်က ပြောပြထားတာကို ဒေါနစစ်ကြောင်းက ဒီနေ့မှာထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင် ပိန်းဇလုပ်မြို့နယ်မှာ နေထိုင်တဲ့ ကိုကျော်မိုးထက်ဟာ ညရှစ်နာရီအချိန်မှာ ပိုက်ဆံပေးစရာရှိလို့ဆိုပြီး ကားလမ်းမပေါ်ကိုဆိုင်ကယ်နဲ့အသွားမှာ ခဏရပ်ပေးပါဆိုကာ ဥက္ကဌ၊ ပြည်သူ့စစ်သုံးယောက်၊ ရဲလေးယောက်ရယ်ပါတဲ့အဖွဲ့က တားဆီးတာကြောင့် ရပ်ပေးလိုက်ချိန်မှာ လက်ထိပ်ခတ် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
“မနက်ကျအမကလိုက်လာတော့ ဘာဖြစ်လို့ဖမ်းတာလဲဆိုတော့ မူးယစ်ရမ်းကားတဲ့ ညခင်းအချိန်မတော် ဆိုင်ကယ်မောင်းလို့တဲ့။ အဲ့ဒါ လ္ဘက်ရည်ဖိုးကငါးသောင်း၊ အမှုပိတ်တာက သုံးသိန်းတဲ့။ အဲ့ဒါသုံးသိန်းခွဲလည်းပေးလိုက်ပြီ။ အဲ့ဒါကို အာမခံနှစ်ယောက်သွားခေါ်ဦးတဲ့။ အမက အာမခံခေါ်ဖို့ ပြန်သွားတယ်။ နောက်ပြီးတော့ ဥက္ကဌရယ်၊ ပြည်သူ့စစ်တစ်ယောက်ရယ်၊ ရဲတစ်ယောက်ရယ်က အမဆီသွားတယ်။ ကျနော့်မှတ်ပုံတင်ပေးလိုက်ပါဦးတဲ့။ အမှုပိတ်ဖို့လျောက်လွှာရေးမလို့တဲ့။ အဲ့ဒါမှတ်ပုံတင် ကျနော့်အမကထုတ်ပေးလိုက်ပြီးတော့ ကျမတို့လာရတော့မှာလား အာမခံလည်းရပြီဆိုတော့ မလာသေးနဲ့ဦးတဲ့ ညနေ၁နာရီခွဲ ၂နာရီလောက်မှလာခဲ့တဲ့။ အဲ့လိုပြောပြီးရဲစခန်းကို သူတို့ပြန်လာတယ်။ ပြန်လာပြီး ကျနော့်ကိုအချုပ်ခန်းထဲကထုတ်ပေးပြီးတော့ ဗိုလ်မှူးနေလင်းကိုမြင်ဖူးလားတဲ့ မမြင်ဖူးဘူးဆိုတော့ မမြင်ဖူးရင်ဟိုရှေ့မှာကားရပ်ထားတယ်၊ အဲ့ကားပေါ်မှာသွားရပ်လိုက်တဲ့။ ဘာမှမဟုတ်ဘူး ညီလေးကိုမေးပဲမေးမှာတဲ့။ ကျနော်သွားတော့ ကားပေါ်တွန်းတင်ပြီးတော့ ဘေးကဟိုဘက်တယောက် ဒီဘက်တယောက်သေနတ်နဲ့ မှန်တွေတင်ပြီးတော့ မောင်းပြေးသွားတယ်” လို့ ကိုကျော်မိုးထက်က ပြောပြပါတယ်။

အဲ့ဒီကနေ ဒိုက်ဦး ခမရ ၄၄၀ကိုပို့လိုက်ပြီးနဲ့ အဲ့ဒီမှာ ညောင်လေးပင်ကလူတစ်ယောက်ဆီကနေ ဖုန်းဌားပြီး အမဆီကိုဆက်သွယ်ခဲ့ပါတယ်။
“ကျနော့်အမတွေက တစ်နာရီသူတို့ချိန်းတဲ့အချိန်ပြန်သွားတော့ မရှိတော့ဘူး ဘယ်ရောက်သွားမှန်း မသိဘူးတဲ့ ရဲစခန်းကအဲ့လိုပြောတယ်။ နောက် အမက ဥက္ကဌဆီသွားတော့ ဥက္ကဌက သူနဲ့မဆိုင်ဘူး၊ သူလည်းမသိဘူးတဲ့ အဲ့လိုပြောတော့ ထွေအုပ်ရုံးကိုလိုက်သွားတယ်”
ကိုကျော်မိုးထက်ဟာ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပြီး မိခင်နဲ့သမီးဖြစ်သူတို့ကျန်ခဲ့တာကြောင့် မိခင်ကအိမ်ကိုရောင်းကာ သူလွတ်မြောက်ရေးအတွက်လိုက်ခဲ့ပေမယ့် ငွေတွေသာဆုံးသွားပြီး လူကပြန်မလွတ်လာဘဲ စုဆောင်းရေးကနေတဆင့် စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းကျောင်းကို ရောက်သွားခဲ့ပါတယ်။
“အမေက ကျန်ခဲ့တဲ့ခြံလေးရောင်းပြီးလိုက်တာ ဗိုလ်မှူးနေလင်းနဲ့သွားတွေ့တယ်။ ပိုက်ဆံ ၁၂သိန်း ယူသွားတယ်။ စာတင်ပေးမယ်ဆိုပြီး ယူလိုက်တယ်။ ဘာမှမဖြစ်ဘူး၊ ပြန်လွတ်မှာဆိုပြီးပြောလိုက်တယ်။
စုဆောင်းရေးမှာ ရက်၂၀လောက် နေလိုက်ရတယ်။ နောက်တခါ အုပ်ချုပ်ရေးမှူးကို သိန်း ၅၀ပေးပေါ့ ပေးရင်အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးခိုင်းမယ်။ အုပ်ချုပ်ရေးမှူးက လက်မှတ်မထိုးပေးဘူးတဲ့။ သူတို့ပြောတာတော့ ညောင်လေးပင်မြို့နယ်ကလူလိုလို့ သိန်းတစ်ရာနဲ့ ကျနော့်ကို ရောင်းစားလိုက်တယ် ပြောတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ဗိုလ်မှူးနေလင်းနဲ့ပေါင်းပြီးတော့ ကျနော့်ကိုလုပ်လိုက်တာပေါ့။ အဲ့ကနေသင်တန်းကျောင်းကို ပို့လိုက်တာ”
ကိုကျော်မိုးထက်လိုပဲ အုပ်ချုပ်ရေးမှုးကရောင်းစားလိုက်တဲ့ ပိန်းဇလုပ်က အမျိုးသားသုံးဦးရှိပြီး ကိုကျော်မိုးထက်ရဲ့ အကိုဝမ်းကွဲတော်စပ်သူဟာလည်း စစ်မှုထမ်းအပါတ်စဉ်-၂အတွက် ဖမ်းဆီးခံလိုက်ရာကနေ အခုထိအဆက်အသွယ်မရတော့ဘူးလို့လည်း သိရပါတယ်။

ကိုကျော်မိုးထက်ဟာ စုဆောင်းရေးမှာရှိစဉ်ကတည်းက ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် ပြန်မိသွားတာကြောင့် ကြိမ်လုံးသုံးလုံးနဲ့ (၄၅)ချက်ရိုက်ခံခဲ့ရပါသေးတယ်။
“အဲ့ဒီရှေ့ပိုင်းမှာ ပြေးဖို့ဆိုပြီးတခါလုပ်လိုက်တာ ရေမြောင်းလေးပဲကျော်ရသေးတယ်။ သူတို့ပြန်မိသွားတယ်။ ပြွန်တန်ဆာက ရဲ၊ သူကစစ်တပ်ကနေ အသွင်ပြောင်းပြီးတော့ ရဲထဲကိုပြောင်းလာတာ။ သူကရိုက်တာ ကြိမ်လုံးသုံးလုံးနဲ့ ၄၅ချက်။ ခါးတွေကြောတွေ ညိုမဲပြီးတော့။ အဲ့ကနေမှ စုဆောင်းရေးရောက်လာတာ”လို့ ကိုကျော်မိုးထက်က ပြောပါတယ်။
ကိုကျော်မိုးထက်ဟာ စစ်မှုထမ်းသင်တန်းကျောင်းမှာရှိတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ပုံကို အခုလိုပြောပြပါတယ်။
“ကျနော်ဆို ညတိုင်းနှိပ်ပေးရတာအများဆုံးပဲ။ သူတို့ကအားတိုင်းခေါ်တာ ၇နာရီလောက်ကနေ ၉နာရီ ၁၀နာရီလောက်အထိအကြာကြီးပဲ။ ပြီးရင်တခါ ညကင်းကလည်း ၉-၁၂အထိစောင့်ရသေးတယ်။ ပြီးရင် စစ်တပ်ကကောင်တွေသွားလို့ရှိရင် ၂နာရီလောက်ကနေ တခါပြန်စောင့်ပေးရသေးတယ်။ အိပ်ချိန်မရှိဘူး မနက်ခင်းကျရင်လည်း ၇နာရီကနေတန်းစီးပြီး တခါ ကျင်းတူးခိုင်းတယ်။ ၁၁နာရီကနေ ကျင်းတူးပြီးတော့ ၁နာခွဲကနေပြန်လုပ်။ ညနေသုံးနာရီကျတော့ ရေတခါထမ်းရတယ်။ နားချိန်ကိုမရှိဘူး။ အဲ့မှာစိတ်မထင်ရင် သူတို့က သတိဆွဲခိုင်းပြီးတော့ ထိုးတယ်၊ ဖနောင့်တွေနဲ့ကန်တယ်”
ကိုကျော်မိုးထက်ဟာ လက်ရှိမှာလွတ်မြောက်နယ်မြေရောက်နေပြီဖြစ်တာကြောင့် ကျန်ခဲ့တဲ့သူတွေကိုလည်း သူ့လိုပဲလွတ်မြောက်အောင်ကြိုးစားကြဖို့ကိုတိုက်တွန်းထားပါတယ်။
မိဘသက်ကြီးသူတွေနဲ့ ကလေးငယ်တွေကို ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်သူတွေ၊ စိတ်ကျန်းမာရေးချို့တဲ့သူတွေကို စစ်မှုထမ်းမခေါ်ယူဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရင်ကပြောထားဖူးပေမယ့် လက်တွေ့မှာတော့ကျင့်သုံးနေတာမရှိဘဲ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူတွေနဲ့စစ်မှုထမ်းပါသူတွေကို အကြပ်ကိုင်၊ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှုတွေဟာလည်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဆင့်ဆင့်မှာ ဖြစ်ပေါ်နေတာပါ။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဟာ လက်ရှိမှာအပါတ်စဉ်-၁၀ထိရှိလာပြီး အမျိုးသမီးတွေကိုပါဖမ်းဆီးမှု တွေရှိလာနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကတော့ စစ်ကောင်စီဟာ အပတ်စဥ်-၉အထိ လူဦးရေပေါင်း လေးသောင်းကျော်ကို မတရားသိမ်းသွင်းစုဆောင်းလာခဲ့ပြီးဖြစ်ကြောင်းနဲ့ အဲဒီအဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ လူငယ်တွေဟာလည်း ရှေ့တန်းစစ်မျက်နှာမျိုးစုံကို ပို့ဆောင် ခံနေရကြောင်းကို အခုလ ၄ရက်နေ့မှာပြောထားပါတယ်။























Comments