စစ်မှုထမ်းရှောင်ဖို့ ထိုင်းဘက်ကို တရားမဝင်,ဝင်လာသူ အမျိုးသမီးတွေအပါအဝင် မြန်မာ ၁၂၀နီးပါး ဖမ်းဆီးခံရ
- BVJ

- Feb 19
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်ထဲကို တရားမဝင်,ဝင်ရောက်လာတဲ့ မြန်မာ (၁၁၆)ဦးကို ထိုင်းအာဏာပိုင်တွေက မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား (၇၀)ဦး၊ အမျိုးသမီး (၄၄)ဦးနဲ့ ကလေး (၂)ဦးတို့ ပါဝင်နေပါတယ်။
မနေ့ညနေ ၅ နာရီခွဲဝန်းကျင်က ထိုင်းနိုင်ငံထဲ တရားမဝင်,ဝင်ရောက်လာတဲ့မြန်မာတွေကို ကန်ချနာဘူရီပြည်နယ် ဆန်ခလာဘူရီမြို့ ထိုင်း-မြန်မာနယ်စပ်အနီးမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ ထိုင်းဘာသာစကား ပြောဆိုနိုင်တာကြောင့် အာဏာပိုင်တွေက မေးမြန်းချိန်မှာ စစ်ကောင်စီရဲ့စစ်မှုထမ်း တပ်သားသစ်စုဆောင်းနေတာကို ရှောင်လွှဲဖို့နဲ့ လက်ရှိဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေဟာ တစ်ဦးကို ဘတ်ငွေ (၁၈၀၀၀) ကနေ (၂၀၀၀၀) အထိကို ပို့ဆောင်ပေးတဲ့ပွဲစားတွေကို ပေးခဲ့ရကြောင်းနဲ့ အချို့ဟာ ထိုင်းနယ်စပ်ကနေတဆင့် ဘန်ကောက်မြို့ကနေ မလေးရှားနိုင်ငံဘက်ကို သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီရက်ပိုင်းမှာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအများအပြားနဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးနေပြီး အခုလ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဖတ်ချာဘူရီပြည်နယ် စစ်ဆေးးရေးဂိတ်မှာ မြန်မာ (၁၀၆)ဦးကို ဖမ်းဆီးရမိခဲ့သလို ဖေဖော်ဝါရီ ၁၀ ရက်လည်း ဖတ်ချာဘွန်းပြည်နယ် တောတွင်းတစ်နေရာမှာ စွန့်ပစ်ခံထားရတဲ့ မြန်မာ(၅၇)ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။











Comments