စစ်တွေမြို့ ဝါးဘိုရွာ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲခံရပြီး နေအိမ် ၈ လုံးထက်မနည်း မီးလောင်ပျက်စီး
- BVJ

- Jan 21
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၁ ၊ ၂၀၂၅

ရခိုင်ပြည်နယ် စစ်တွေမြို့ ဝါးဘိုကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ မီးလောင်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ် တစ်နာရီဝန်းကျင်မှာ ကံ့ကော်ကျွန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ချောင်းတဖက်ကမ်း ဝါးဘိုကျေးရွာကို ဒရုန်းနဲ့ မီးလောင်ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် (၈)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့ ဝါးဘိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းနေရာအချို့ကို AA က ထိန်းချုပ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် အခုလ ဇန်နဝါရီ ၁၆ ရက်လည်း လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဝါးဘိုကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ကျေးရွာအတွင်း ပြည်သူတွေ နေထိုင်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
"အဲ့မှာက လူမရှိတာ ကြာပြီ။ စစ်ကောင်စီက ဒေသခံတွေကို နှင်ထုတ်ထားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း (၁၄)မြို့ကို AA တပ်တော်က သိမ်းယူခဲ့ပြီးနောက် ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကိုမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေပြီး ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နဲ့ အနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေက စစ်ကောင်စီက နေ့စဉ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ဂွမြို့ကို သိမ်းယူပြီးနောက်ပိုင်း အခုလ ဇန်နဝါရီ ၁၈ ရက်ကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဘောမိကျေးရွာကို AA ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်သလို ရွှေသောင်ယံဒေသအပါအဝင် သာပေါင်းမြို့နယ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ် ဒေသအချို့၊ ပွိုင့် ၃၆၉ ကုန်းနဲ့ ရေကြည်မြို့ ချင်းစုရွာအနီးတို့မှာလည်း AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။













Comments