စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန် အမေရိကန်၊ ဥရောပသမဂ္ဂတို့ ပူးတွဲကြေညာချက်ထုတ်
- BVJ

- Feb 5
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူသန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရမှု စတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနိုင်ငံတို့က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံကနေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ကာ အဓမ္မ အာဏာသိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ပူးတွဲထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အရှိန်မြှင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသလို စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေရပ်ကွက်၊ အများပြည်သူ သွားလာရာ ဈေးနေရာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း များခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အစည်းက ဖော်ဆောင်နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ထောက်ခံကြောင်းနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်းကိုလည်း အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းလျှော့ချဖို့နဲ့ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ဖို့ကိုလည်း စစ်ကောင်စီကို တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းကာလအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ တရားမဝင် ကုန်သွယ်မှု၊ ငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေ ပိုမိုဆိုးရွားလာပြီး နိုင်ငံဖြတ်ကျော်မှုခင်းတွေကြောင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်လည်း သက်ရောက်မှုရှိကာ ဒေသတွင်း မတည်ငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။







Comments