စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၈၀ ကျော် ဖြစ်ပွားခဲ့
- BVJ

- Feb 5
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ် ၈၄ ခုထက်မနည်းရှိခဲ့ပြီး ဖြစ်စဉ်ရဲ့ထက်ဝက်ခန့်ဟာ ၂၀၂၄ ခုနှစ် ပထမခြောက်လပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကချင်အမျိုးသမီးများ သုတေသနအဖွဲ့ (KWRG) နဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) တို့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်၊ ပူတာအိုမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ဗန်းမော်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့က ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အချက်အလက်တွေကို KWRG နဲ့ KHRW တို့က လက်လှမ်းမီးသမျှ ကောက်ယူခဲ့တာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။
ကောက်ယူခဲ့တဲ့အချက်အလက်တွေအရ စစ်ကောင်စီစစ်တပ်၊ လက်အောက်ခံ ပြည်သူ့စစ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို တွေ့ရှိခဲ့ရပြီး ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တာ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ ပြည်သူတွေကို ဖမ်းဆီးညှင်းပန်း နှိပ်စက်တာ၊ ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ အဓမ္မသိမ်းယူ ဖျက်ဆီးတာ၊ မုဒိမ်းပြုကျင့်မှုနဲ့ ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်ခဲ့တာ အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေထဲမှာ နှစ်ဖက်တိုက်ပွဲကြား စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် အသုံးချခံရတာ၊ အရပ်သားပြည်သူတွေရှိရာနေရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊ လေကြောင်းကနေ လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒေသခံပြည်သူတွေနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း စစ်ကောင်စီတပ်က အများဆုံးလုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ကျူးလွန်မှုတွေရှိခဲ့ပြီး ၂၀၂၄ မတ်လ ၃၁ ရက်က မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက အပြစ်မဲ့ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးနှိပ်စက်တာတွေလည်း ရှိခဲ့ပါတယ်။ ဆားမှော်ကျေးရွာက ဒေသခံပြည်သူတွေ ဘုရားကျောင်းအတွင်း ဝတ်ပြုဆုတောင်းချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီး နှီပ်စက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ၊ လိုင်ဇာမြို့နယ် မုန်လိုင်ခက်ဖြစ်စဉ်တွေအပါအဝင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၇၀ ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီက အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။







Comments