top of page

စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်အရေးယူ

  • Writer: BVJ
    BVJ
  • Jan 9
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၉ ၊ ၂၀၂၅

ပုံစာ - ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ Mytel ရုံးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Photo: Senior General Min Aung Hlaing Website)
ပုံစာ - ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ Mytel ရုံးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Photo: Senior General Min Aung Hlaing Website)

မြန်မာစစ်တပ် (စစ်ကောင်စီ) လက်အောက်ခံ Mytel ဆက်သွယ်ရေးကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက အခုလ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ Mytel ကုမ္ပဏီနဲ့အတူ တရုတ်ကုမ္ပဏီ (၁၁)ခုနဲ့ ပါကစ္စတန်ကုမ္ပဏီ တစ်ခုတို့ကိုလည်း ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းထားပါတယ်။


မြန်မာစစ်တပ်ရှယ်ယာအများဆုံးပါဝင်တဲ့ Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ် (စစ်ကောင်စီ) ကို ဘဏ္ဍာရေးပိုင်းနဲ့ စုံစမ်းထောက်လှမ်းရေးပိုင်းကို ကူညီဆောင်ရွက်ပေးနေပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေနဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် Mytel ကုမ္ပဏီဟာ လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ထောက်လှမ်းမှုနဲ့ ခြေရာခံ လုပ်ဆောင်နေမှုတွေမှာ မြန်မာစစ်တပ်ကို အကူအညီပေး လုပ်ဆောင်နေမှုတွေရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။


စစ်ကောင်စီလက်အောက်ခံ Mytel ကုမ္ပဏီဟာ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာစစ်တပ်အတွက် အဓိကဝင်ငွေရှာဖွေပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်သလို ကနဦးက စစ်ကောင်စီက ရှယ်ယာ ၂၈ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး တခြားပုဂ္ဂလိက ရှယ်ယာ ၂၃ ရာခိုင်နှုန်းကို Star High ကုမ္ပဏီကနေတဆင့် စစ်ကောင်စီက စီမံခန့်ခွဲနေတာလည်း ဖြစ်ပါတယ်။


Star High ကုမ္ပဏီဟာ မြန်မာစီးပွားရေးကော်ပိုရေးရှင် (MEC) လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်က အပြည့်အဝထိန်းချုပ်ထားတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်တယ်လို့ Justice For Myanmar ရဲ့ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပိုင် Mytel ဆက်သွယ်ရေးဖုန်းကွန်ရက်ကို ပြည်တွင်းနေ ပြည်သူအများစုက သပိတ်မှောက် အသုံးမပြုတာမျိုးတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီလအထိ အာဏာသိမ်းပြီး သုံးလအတွင်း Mytel ဖုန်းကွန်ရက် မသုံးစွဲသူ နှစ်သန်းကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါးအထိ ထိခိုက်နစ်နာမှုတွေရှိခဲ့တယ်လို့လည်း Justice For Myanmar က ၂၀၂၁ နိုဝင်ဘာ ၅ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page