top of page

စစ်စည်းကမ်းချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေကို အရေးယူအပြစ်ပေးထားပြီးပြီလို့ အေအေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြော

  • Writer: BVJ
    BVJ
  • Jan 24
  • 1 min read

ပြည်သူ့စစ်ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့


BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၄ ၊ ၂၀၂၅


အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ
အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ

အာရက္ခတပ်တော် (AA) လက်အောက်ခံ ကျောက်တော်မြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့က တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးဖို့အတွက် Fortify Rights အဖွဲ့က တောင်းဆိုထားတဲ့ အစီရင်ခံစာ မနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။ Fortify Rights အဖွဲ့ဟာ ရိုဟင်ဂျာအရေးကိစ္စတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။


ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စစ်ကောင်စီ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်စည်းကမ်းချိုးဖောက်သူ‌တွေကိုလည်း ဖော်ထုတ် အပြစ်ပေး အရေးယူထားပြီးဖြစ်တယ်လို့ အာရက္ခတပ်‌တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Burma VJ ကို အတည်ပြုပြောကြားခဲ့ပါတယ်။


“အခုဖြစ်ခဲ့တဲ့ ဒီဗီဒီယိုဟာဆိုလို့ရှိရင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ဖြစ်ခဲ့တာ။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်က သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာအကြမ်းဖက်စစ်သားတွေကို သူတို့ ဖမ်းမိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒေသခံပြည်သူ့စစ်တွေက သူတို့ ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာပါခဲ့တဲ့ အောက်ခြေတပ်မှူးငယ်အချို့အပါအဝင် ပါဝင်သူအားလုံးကို ကျွန်တော်တို့ ဖော်ထုတ်ပြီးတော့မှ အရေးယူအပြစ်ပေးထားပြီး ဖြစ်ပါတယ်”လို့ ဦးခိုင်သုခက ပြောပါတယ်။


ree

မြန်မာစစ်တပ်နဲ့ တိုက်ပွဲကာလ ၁၀ နှစ်ဝန်းကျင်အတွင်းမှာ အခုလိုဖြစ်စဉ်တွေ တစ်ခါတလေ ဖြစ်ပေါ်ခဲ့တာရှိခဲ့ပြီး ထိထိရောက်ရောက် အရေးယူအပြစ်ပေးထားပြီး ဖြစ်သလို ဒီလို ဥပဒေမဲ့ကျူးလွန်တဲ့ ဖြစ်ရပ်ကိစ္စတွေကို AA အနေနဲ့ လုံးဝလက်မခံဘဲ ဒါဟာ AA ရဲ့ မူဝါနဲ့ လုံးဝဆန့်ကျင်နေတယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။


 “ဒီကိစ္စတစ်ခုထဲကိုပဲမကြည့်ဘဲ ထောင်နဲ့ချီတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးတာ၊ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတာတွေကို မမေ့ဖို့လည်းလိုပြီး မြင်အောင်ကြည့်ဖို့လည်း လိုပါတယ်”လို့လည်း ဦးခိုင်သုခက ပြောပါတယ်။


ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ AA ရဲဘော်တွေ၊ မိသားစု ဆွေမျိုးတွေနဲ့ ရခိုင်ပြည်သူတွေဟာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံခဲ့ရသလို၊ အမျိုးသမီးငယ်တွေကိုလည်း မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ပြီး နည်းလမ်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေလည်း မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တာတွေရှိခဲ့တယ်လို့ ဦးခိုင်သုခက Burma VJ ကို ပြောပါတယ်။


“ရမ်းချောင်းတိုက်ပွဲကာလတုန်းကဆိုရင် ကျွန်တော်တို့ရဲ့ ရဲဘော်တချို့ မြန်မာစစ်တပ်ဆီမှာ အဖမ်းခံရပြီးတော့ အရှင်လတ်လတ် ဗိုက်ခွဲ၊ အူဆွဲနုတ်ပြီးတော့မှ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။ အမျိုးသမီးငယ်တွေကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးတော့မှ အကြိမ်ကြိမ် မုဒိမ်းကျင့် မီးရှို့သတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်”လို့ ပြောပါတယ်။


ree

၂၀၁၅ ခုနှစ် မတ်လအတွင်းက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ပီချောင်းတိုက်ပွဲ၊ ရမ်းချောင်းတိုက်ပွဲတို့ ဖြစ်ပွားခဲ့ပြီး AA တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ် မတ်လအတွင်းကလည်း ကျောက်တော်မြို့နယ် တင်းမရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ရွာသူရွာသား ၁၈ ဦးကို မြန်မာစစ်တပ် တပ်မ ၅၅ က ဖမ်းဆီးခေါ်ဆောင်သွားပြီး အစဖျောက် သတ်ဖြတ်ခဲ့တာတွေလည်း ရှီခဲ့တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။


စစ်ကောင်စီ စစ်သုံ့ပန်း ၂ ဦးကို AA လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်တယ်လို့ Fortify Rights အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်း နှိပ်စက်ပြီး တရားလက်လွတ် ကွပ်မျက်တာ စစ်ရာဇဝတ်မှု မြောက်ပါတယ်” လို့ Fortify Rights လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောဆိုထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page